တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
577

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ

အိန္ဒိယနိုင်ငံသားဥပဒေသစ်က ခွဲခြားနေကြောင်း မွတ်ဆလင်များဆို

အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက ကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။

နောက်လထဲကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ကြေညာလိုက်တာပါ။

CAA လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင် ရောက်လာကြတဲ့လူတွေကို နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။

ဒါပေမဲ့ အစ္စလာမ်ဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးမထားပါဘူး။

ဒါကို အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ မွတ်ဆလင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက ဒီလုပ်ရပ်ဟာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Ref: RFE

………………………………..

အာဖဂန်နယ်စပ် စစ်သွေးကြွများကို ပါကစ္စတန် လေကြောင်းကတိုက်ခိုက်

အာဖဂန်နစ္စတန်က စစ်သွေးကြွတွေ ခိုအောင်းနေတယ်လို့ သံသယရှိတဲ့နေရာတွေကို မတ်လ ၁၈ ရက်နေ့က ပါကစ္စတန်က နယ်စပ်ဖြတ်ကျော်ပြီး လေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးအပါအဝင် လူ ၈ ဦးသေဆုံးခဲ့တာပါ။

Tehrik-e-Taliban Pakistan (TTP) လို့ခေါ်တဲ့ စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ပါကစ္စတန်အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပါကစ္စတန်စစ်တပ်အခြေစိုက်စခန်းတခုကို TTP စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပါကစ္စတန်အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပါတယ်။

တာလီဘန်တွေဘက်ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဒါဟာ နယ်မြေချိုးဖောက်မှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: RFE

………………………………..

ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ရုရှားသမ္မတ ပူတင်ကြေညာ

ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ ရုရှားသမ္မတ Vladimir Putin ဟာ နောက်ထပ် ၆ နှစ် အုပ်ချုပ်မှု သက်တမ်းအတွက် အောင်ပွဲခံခဲ့ပါတယ်။

ပြိုင်ဘက်အများစုကို ခြိမ်းခြောက်တာတွေ ထောင်သွင်း အကျဉ်းချထားတာတွေ လုပ်ဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။

ရွေးကောက်ပွဲကို ဒီမိုကနေစီနည်းကျ ကျင်းပခဲ့တာလို့ ပူတင်က ဆိုထားပြီး ကန့်ကွက်မှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။ 

၃ ရက်ကြာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် ၂၄ နှစ်ကြာ အုပ်ချုပ်နေတဲ့ သမ္မတပူတင် နောက်ထပ် ဆက်ပြီး အာဏာရဦးမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပူတင်က မဲအားလုံးရဲ့ ၈၇ ရာခိုင်နှုန်း ရခဲ့တယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

ဂါဇာဆေးရုံစီးနင်းမှု သေနက်သမား ၂၀ ကျော် သေဆုံးဟု အစ္စရေးဆို

ဂါဇာဒေသထဲက Al Shifa ဆေးရုံကို မတ်လ ၁၈ ရက်နေ့က အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

စစ်ဆင်ရေးမှာ သေနတ်သမား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးလ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

ပါလက်စတိုင်းဘက်ကတော့ ဒီစစ်ဆင်ရေးမှာ လူအများအပြားသေဆုံးပြီး အဆောက်အအုံတစ်ခု မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ဟာမတ်စ်ခေါင်းဆောင်တွေက ဆေးရုံကို အသုံးချနေတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။

ဝင်စီးနင်းတဲ့ တပ်ဖွဲ့ထဲမှာ ခြေလျင်တပ်တွေနဲ့ တင့်ကားတွေလည်း ပါဝင်ပါတယ်။

အကြမ်းဖက်သမားအဖြစ် သံသယရှိတဲ့ ၂၀၀ ကျော်ကို စစ်ဆေးမေးမြန်းနေပြီး ဆေးရုံဝင်းထဲက အကြမ်းဖက်သမား ၂၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ရုရှားဆီက ထိန်းချုပ်ငွေများကို ယူကရိန်းထံ ကူညီဖို့ အီးယူအတည်ပြု

ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရာက ရလာတဲ့ ငွေ ယူရို ၃ ဘီလီယံခန့်ကို ယူကရိန်း အတွက် လက်နက်အကူအညီပေးရာမှာသုံးဖို့ အီယူခေါင်းဆောင်များက အတည်ပြုလိုက်ပါတယ်။

အဆိုပြုချက်ကို ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက မတ်လ ၁၉ ရက်နေ့မှာ ပြောလိုက်တာပါ။

ငွေများကို လာမည့် ဇူလိုင်လလောက်မှာ စတင်ပေးအပ်နိုင်မယ်လို့ ဆိုထားပါတယ်။

ယူကရိန်းအတွက် လက်နက်ရန်ပုံငွေထဲကို ဒီငွေတွေရဲ့ ၉၀ ရာခိုင်နှုန်း ထည့်သွင်းဖို့ အဆိုပြုချက်မှာ တင်ပြထားတယ်လို့ ဆိုပါတယ်။

ဆယ်ရာခိုင်နှုန်းကတော့ ဥရောပသမဂ္ဂရဲ့ဘတ်ဂျက်မှာ သုံးသွားမှာပါ။

ယူကရိန်းရဲ့ ကိုယ်ပိုင် ကာကွယ်ရေးလုပ်ငန်းတွေ တိုးလာအောင်လုပ်ဖို့ အသုံးပြုမယ်လို့ ဆိုပါတယ်။

Ref: The Guardian

………………………………..

အစ္စရေးအရေးကြောင့် အိမ်ဖြူတော် Ramadan နှင့် Eid ပွဲများကို မွတ်ဆလင်များ သပိတ်မှောက်မည်

အစ္စရေးကို အားပေးနေတဲ့ သမ္မတဂျိုးဘိုင်ဒင်အပေါ် မကျေမနပ် ဖြစ်နေကြတဲ့ အမေရိကန် မွတ်ဆလင်တွေက အိမ်ဖြူတော်မှာ ဒီနှစ်ကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်နဲ့ Eid ပွဲတော် အခမ်းအနားကို သပိတ်မှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်မွတ်ဆလင် ခေါင်းဆောင်တွေအနေနဲ့ မတက်ဖို့ ငြင်းကြလိမ့်မယ်လို့ အများက ပြောဆိုထားကြတာပါ။

ဂါဇာဒေသမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးရဖို့ အမေရိကန်အစိုးရက ကြိုးပမ်းဖို့လည်း ဖိအားပေးနေကြပါတယ်။

ဂါဇာဒေသက ပါလက်စတိုင်းတွေ လူမျိုးတုန်းအောင် လုပ်နေရာမှာ လက်နက်တွေကို အစ္စရေးထံ ပေးပို့နေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတာကိုလည်း အစိုးရက လက်မခံခဲ့ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

Ref: VOA

………………………………..

ဗြိတိန်က ဂါဇာကို စားနပ်ရိက္ခာ ထပ်ပို့မည်

ဗြိတိန်က ဂါဇာကမ်းမြှောင်ဒေသကို ရိက္ခာအကူအညီသစ်တွေ ပေးပို့မယ်လို့ မတ်လ ၂၀ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့ အကူအညီနဲ့ ဗြိတိန်နိုင်ငံက ရိက္ခာတန်ချိန် ၂ ထောင်ကျော်ကို ပို့ဆောင်ပေးမှာပါ။

ဒီရိက္ခာတွေက လူပေါင်း ၂ သိန်း ၇ သောင်းကျော်ကို ဖြန့်ဝေပေးနိုင်မယ်လို့ ဆိုပါတယ်။

ဂါဇာမှာဖြစ်နေတဲ့ ဒုက္ခဆင်းရဲတွေ အဆုံးသတ်ဖို့ အကူအညီ ပေးအပ်နေမှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းကလည်း ဆိုပါတယ်။

ဒါက လူသားချင်းစာနာမှုအကူအညီနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ အစ္စရေးဘက်က အရာရှိတွေ ရှေ့လာမယ့် အပတ်ထဲ ဆွေးနွေးမှု မတိုင်ခင် ကြေညာလိုက်တာဖြစ်ပါတယ်။

Ref: Alarabiya News

………………………………..

အင်ဒိုနီးရှား ဗိုလ်ချုပ်ဟောင်းကို သမ္မတအဖြစ် အတည်ပြု

အင်ဒိုနီးရှားနိုင်ငံမှာ အထူးတပ်ဖွဲ့ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) ကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် မတ်လ ၂၀ ရက်နေ့က ကြေညာလိုက်ပါတယ်။

တရားဝင် မဲရေတွက်မှုတွေအပြီးမှာ ဆူဘီရန်တိုက မဲအရေအတွက်အားလုံးရဲ့ ၅၈ ဒသမ ၆ ရာခိုင်နှုန်း ကိုရရှိခဲ့တာပါ။

ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အာနီးစ် ဘက်စ်ဝီဒန် (Anies Baswedan) က ၂၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဗဟို ဂျာဗားကျွန်း အုပ်ချုပ်ရေးမှူး ဂန်ဂျား ပရာနိုဝူ (Ganjar Pranowo) က ၁၆ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီရလဒ်အပေါ် အဓိကပြိုင်ဘက်နှစ်ဦးက ပြန်လည် စိစစ်ပေးဖို့ တရားရုံးမှာ တောင်းဆိုဖို့ တိုက်တွန်းနေကြပါတယ်။

လူအများကြားရေပန်းစားတဲ့ သမ္မတ ဝီဒိုဒိုဟာ လက်ရှိ ဒုတိယသမ္မတသက်တမ်းကို တာဝန်ထမ်းဆောင်ပြီးရင် ဥပဒေအရ ထပ်မံအရွေးခံဖို့ မဖြစ်နိုင်တော့ပါဘူး။

Ref: France 24

………………………………..

ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်ကို ယာယီဌာနပြောင်းရွှေ့

ထိုင်းနိုင်ငံ အဆင့်မြင့်ရာထူးတွေဖြစ်တဲ့ ရဲချုပ်နဲ့ ဒုတိယရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ မထင်မရှားနေရာတွေကို ရက် ၆၀ ပြောင်းရွှေ့လိုက်ပါတယ်။

သူတို့နှစ်ဦးကို ငွေကြေးခဝါချမှု လာဘ်ပေးလာဘ်ယူမှုတွေနဲ့ စွပ်စွဲထားတာကို စစ်ဆေးနေတာပါ။

ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ဖို့ ပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။

ရဲချုပ်နေရာမှာ “Big Tai” လို့ခေါ်တဲ့ ကစ်တီရက် ဖန်ဖက်က ရက် ၆၀ ကာလ ယာယီတာဝန်ထမ်းဆောင်သွားမှာပါ။

သူတို့တွေကို စွဲဆိုထားတာတွေ စုံစမ်းစစ်ဆေးနေတဲ့ကာလမှာ အနှောက်အယှက်မဖြစ်ဖို့ ပြောင်းရွှေ့ထားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်က ဆိုထားပါတယ်။

Ref: The Nation Thailand

………………………………..

ရုံတင်ငွေ နှစ်ပတ်ဆက်တိုက် အဆင့်တစ်ဖြစ်နေသော Kung Fu Panda 4

Kung Fu Panda 4 ဇာတ်ကားဟာ ရုံတင်ပြီး ၂ ပတ်မြောက်တဲ့အထိ North American box office ရဲ့ ရုံတင်ငွေအများဆုံး နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ဒီအန်နီမေးရှင်းဇာတ်ကားက လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့တာပါ။

ဒီ Kung Fu Panda 4 က ပြည်တွင်းမှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁၀၇ သန်းရရှိထားပြီးဖြစ်ပါတယ်။

ဒုတိယနေရာမှာရှိနေတာကတော့ ကန်ဒေါ်လာ ၂၉ ဒသမ ၁ သန်းနဲ့ ရုံတင်တာ ၃ ပတ်မြောက်ပြီဖြစ်တဲ့ Dune: Part Two ဖြစ်ပါတယ်။

ဒီကားကတော့ ပြည်တွင်းမှာ ရုံတင်ငွေ ကန်ဒေါ်လာ ၂၀၅ သန်းရရှိထားပြီဖြစ်ပါတယ်။

Ref: WD Times

………………………………..