လောင်းလုံးတွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းဆင့်ခေါ်

0
2080

လောင်းလုံးမြို့ပေါ်တွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ၅ ဦးနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ယခုအပတ်မှစပြီး စတင်ဆင့်ခေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။

ယင်းသို့ ဆင့်ခေါ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့နှင့် လူငယ်များ ထွက်ပြေးနေကြရကြောင်း မြို့ခံအချို့က ဆိုသည်။

“ထန်ပင်တန်းဖက် (ကကြီးရပ်ကွက်) မှာ စခေါ်နေပြီ။ လူငယ်တွေလည်း မရှိကြတော့ဘူး။ အကုန်ပြေးကုန်ပြီ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းဆင့်ခေါ်ခိုင်းသည်ကို ငြင်းဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့လည်း ထွက်ပြေးနေရကြောင်း မြို့ခံအချို့ရဆိုသည်။

“ရွာထဲမှာလူငယ်တွေ မရှိတော့လို့ သူမခေါ်ပေးနိုင်ဘူး။ လိုချင်ရင် ကိုယ့်ဘာသာ လာဖမ်းမှပဲ ရမယ်‌လို့ ပြောလို့ (– ရပ်ကွက်) အုပ်ချုပ်ရေးမှူးလည်း ပြေးနေရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အချို့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးတို့မှာ မည်သူ့ကို ခေါ်ပေးရမည်မသိသဖြင့် မဲနှိုက်‌ခိုင်းမည်ဟု ပြောဆိုနေသည်များလည်းရှိကြောင်း မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး ရဲစခန်းတွင် ထိန်းသိမ်းထားသဖြင့် လူငယ်များ လောင်းလုံးမြို့ကို ဖြတ်သန်းသွားလာပါက သတိထားရန်လည်း မြို့ခံအချို့က သတိပေးပြောဆိုသည်။

“စမ်းလှမ်းရွာက ငါ့ ကားနောက်လိုက်လာတဲ့ တစ်ယောက်ကို ဖမ်းထားတယ်။ အသက် ကတော့ ၁၈၊ ၁၉ လောက်ရှိတယ်။ ဘာအပြစ်မှမရှိဘဲ ဖမ်းထားတာလို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

သို့သော် ယင်းပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ရဲစခန်းပတ်ပတ်လည်ရှိ လူနေအိမ်များ၊ ရွာလယ်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲနေထိုင်လျှက်ရှိသည်ဟုဆိုသည်။

တိုင်းအတွင်းရှိ အခြားမြို့တို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်နေခြင်း ရှိ/ မရှိကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။