တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
702

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

နေတိုး ရုံးချုပ်တွင် ၃၂ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ဆွီဒင်အလံလွှင့်တင်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရုံးချုပ်မှာ ဆွီဒင်နိုင်ငံအလံကို မတ်လ ၁၁ ရက်နေ့က ပထမဆုံးလွှင့်ထူလိုက်ပါတယ်။

၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်ကို ကြိုဆိုခဲ့တာပါ။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဒေသတွင်းလုံခြုံရေးဟာ ခုအချိန်လောက် စိုးရိမ်စရာမရှိခဲ့ဘဲ ရုရှားဟာ ယူရိုအတ္တလတ္တိတ်ဒေသ လုံခြုံရေးကို ဆက်ပြီးခြိမ်းခြောက်နေတယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒါကြောင့်လည်း နှစ်ဦးနှစ်ဘက်လုံခြုံရေးအတွက် နေတိုးကာကွယ်ရေးမဟာမိတ်နိုင်ငံအနေနဲ့ လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးအရ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ကြတဲ့ ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့လည်း နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။

Ref: DW

………………………………..

အိန္ဒိယတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းလာ

အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရက ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။

ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ်မိုဒီက တတိယအကြိမ်ပြန်လည်အရွေးခံဖို့ ရက်အနည်းငယ်အလိုမှာ ကြေညာခဲ့တာပါ။

ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင်ရောက်လာကြတဲ့ ဟိန္ဒူ၊ ပါစီ၊ ဆစ်ခ်၊ ဂျိမ်း၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။

မွတ်ဆလင်တိုင်းပြည်တွေဖြစ်တဲ့ အဲဒီ ၃ နိုင်ငံက ထွက်ပြေးလာတဲ့ အစ္စလာမ်ဘာသာဝင်တွေတော့ ဒီဥပဒေမှာ အကျုံးမဝင်သေးပါဘူး။

၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေမူကြမ်းကို လွှတ်တော်ကအတည်ပြုခဲ့တာပါ။

မြို့တော်နယူးဒေလီအပါအဝင် နိုင်ငံအနှံ့မှာ လူတွေသေဆုံးခဲ့ရတဲ့ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့တာကြောင့် မိုဒီအစိုးရက ဥပဒေကို အကောင်အထည်မဖော်ဘဲ ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ထိုင်းတွင် Move Forward ပါတီ ဖျက်သိမ်းရေး ရွေးကောက်ပွဲကော်မရှင်က ခုံရုံးတင်မည်

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တောင်းဆိုမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၂ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ 

တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်သွားမယ်လို့ ရွေးကောက်ပွဲ မဲဆွယ် အနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။

အရင်က ပါတီ ခေါင်းဆောင်ပီတာကိုလည်း မီဒီယာကုမ္ပဏီရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်ဆိုပြီး အမတ်အဖြစ်ကနေ ဆိုင်ငံ့ခဲ့ပါသေးတယ်။

Move Forward ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစုကို အနိုင်ရခဲ့တာပါ။

အဲ့ဒီအချိန်က ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်နေရာ အဆိုတင်သွင်းခဲ့တာမှာ ကန့်ကွက်ခံခဲ့ရသလို အတိုက်အခံပါတီအနေနဲ့သာ ရပ်တည်ခဲ့ရပါတယ်။

Ref: Aljazeera

………………………………..

ရုရှားရေနံချက်လုပ်ငန်းများကို ယူကရိန်းတိုက်ခိုက်

ရုရှားရေနံချက်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ယူကရိန်းက မတ်လ ၁၃ ရက်နေ့က အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် Ryazan ဒေသမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာပါ။

တိုက်ခိုက်ခံရမှုကြောင့် ရေနံချက်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခြား အနောက်မြောက်ဘက်က ရေနံချက်စက်ရုံတစ်ခုကို ချဉ်းကပ်လာတဲ့ ယူကရိန်းဒရုန်းတွေကိုတော့ ရုရှားလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

Ref: The Moscow Times

………………………………..

အာဂျင်တီးနားတွင် နှစ် ၈ ထောင်ကျော်က နံရံပန်းချီကိုတွေ့ရှိ

တောင်အမေရိကတိုက်မှာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိတဲ့ အုတ်ဂူနံရံပန်းချီတွေကို အာဂျင်တီးနားနိုင်ငံမှာ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဂူတွေထဲမှာ တောင်အမေရိကတိုက်ရဲ့ အစောဆုံး အုတ်ဂူနံရံပန်းချီလို့ တွက်ဆရတဲ့ အနုပညာလက်ရာတွေကို တွေ့ရှိခဲ့တာပါ။

လေ့လာမှုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၂၀၀ လောက်တုန်းက လက်ရာတွေလို့ ဆိုထားပါတယ်။

ဂူထဲမှာ နံရံပန်းချီပေါင်း ၈၉၅ ခုကို တွေ့ရပါတယ်။

အဲဒီကျောက်ဂူဟာ အာဂျင်တီးနားမြို့တော် Buenos Aires ရဲ့ အနောက်တောင်ဘက် မိုင် ၆၈၀ ကျော်က နိုကင်းမြို့နားမှာ တည်ရှိပါတယ်။

Ref: the Hindu

………………………………..

အစ္စရေးတိုက်ခိုက်မှုကြောင့် ကုလဝန်ထမ်းတချို့ သေဆုံး

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်တောင်ပိုင်းက ကုလသမဂ္ဂ စားနပ်ရိက္ခာစင်တာထဲက ဝန်ထမ်းတစ်ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးစင်တာကို အစ္စရေးစစ်တပ်က မတ်လ ၁၂ ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။

ဂါဇာကမ်းမြောင်က ကုလသမဂ္ဂ စားနပ်ရိက္ခာဖြန့်ဖြူးတဲ့ တည်နေရာတွေကို စစ်ပွဲဖြစ်နေတဲ့ အစုအဖွဲ့အားလုံးကို နေ့စဥ်အသိပေး အကြောင်းကြားခဲ့တယ်လို့ ကုလဘက်က ဆိုပါတယ်။

ဒီချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့နဲ့ တာဝန်ခံမှုလိုအပ်တယ်လို့ ကုလဘက်က ထုတ်ပြန်ထားပါတယ်။

Ref: VOA

………………………………..

TikTok တားမြစ်ရေး အမေရိကန်ဥပဒေကြမ်းကို တရုတ်ကန့်ကွက်

တရုတ်ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ကို အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာ တားမြစ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က မတ်လ ၁၃ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

တခြားနိုင်ငံက ကုမ္ပဏီတွေကို အဓိပ္ပါယ်မဲ့ဖိနှိပ်နေတာကို ရပ်ဖို့ တရုတ်က ကန့်ကွက်လိုက်တာပါ။

TikTok app ဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ဆိုပြီး အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၅၂ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး တခြားနိုင်ငံက စီးပွားရေးပိုသာနေတဲ့ ကုမ္ပဏီကို ဖိနှိပ်ဖို့ ကြိုးစားတာ လုံးဝမျှတတဲ့လုပ်ရပ်မဟုတ်ဘူးလို့တရုတ်နိုင်ငံခြားရေးဌာနကလည်း ပြောကြားခဲ့ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်တဲ့ TikTok app ကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုနေသူ သန်း ၁၇၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

အိန္ဒိယတွင် သီးနှံဈေးနှုန်း အာမခံချက်ရရန် လယ်သမားတွေ ဆန္ဒပြ

အိန္ဒိယနိုင်ငံက ထောင်ပေါင်းများစွာသော တောင်သူ လယ်သမားတွေဟာ သူတို့ စိုက်ပျိုးရောင်းချတဲ့ သီးနှံဈေးနှုန်းတွေ အမြတ်အစွန်းရစေရေး အာမခံတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မြို့တော် နယူးဒေလီမှာမတ်လ ၁၄ ရက်နေ့က စုဝေး ဆန္ဒပြခဲ့ကြတာပါ။

လယ်ထွန်စက်မျိုးစုံနဲ့ လာကြတဲ့ ဒီလယ်သမားတွေ ဒေလီမြို့ထဲ ဝင်လို့မရအောင် အစိုးရက ပိတ်ဆို့ထားပါသေးတယ်။

ဒါပေမဲ့လည်း လယ်သမားတွေက ထွန်စက်တွေကို မသုံးတော့ဘဲ ဘတ်စ်ကားနဲ့ ရထားအပါအဝင် နည်းလမ်းမျိုးစုံနဲ့ စုဝေး ရောက်ရှိလာခဲ့ကြပါတယ်။

လယ်သမားတွေက တုတ်တွေ သယ်လာခွင့်မရှိဘဲ လူ ၅၀၀၀ ထက်ပိုပြီး ဒီဆန္ဒပြပွဲမှာ မပါဝင်ရ စတဲ့ ကန့်သတ်ချက်တွေကို သဘောတူခဲ့ကြပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ယူကရိန်းနိုင်ငံက မှတ်တမ်းတင်ဇာတ်ကားဖြင့် ပထမဆုံးအကြိမ် အော်စကာဆုရရှိ

အမေရိကန်ပြည်ထောင်စုက Los Angeles မြို့မှာ မတ်လ ၁၀ ရက်နေ့ညက ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ယူကရိန်းနိုင်ငံက ရရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ မရီပိုမြို့မှာ ပိတ်မိနေခဲ့တဲ့ကာလတွေကို ရိုက်ကူးထားတဲ့ 20 Days in Mariupol ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့တာပါ။

ဒါရိုက်တာ Mstyslav Chernov က စစ်ပွဲတွေမရှိတော့ဖို့အတွက် အော်စကာဆုနဲ့ လဲလိုက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအော်စကာဆုဟာ ယူကရိန်းနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ရရှိတဲ့ဆုဖြစ်ပါတယ်။

ဒီဆုရမဲ့အစား ရုရှားက သူတို့နိုင်ငံကို ကျူးကျော်မတိုက်ခိုက်တာ သူတို့မြို့တွေကို မသိမ်းပိုက်တာတွေနဲ့ အစားထိုး လဲပစ်လိုက်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: The Guardian

………………………………..

Oppenheimer ဇာတ်ကားက အော်စကာဆု ၇ ဆု ဆွတ်ခူး

အော်စကာဆု ၁၃ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ Oppenheimer ဇာတ်ကားကတော့ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ ဆုအများဆုံးရရှိတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။

ဒီကားက အဏုမြူဗုံးရဲ့ဖခင်လို့ တင်စားခံရသူ အမေရိကန်သိပ္ပံပညာရှင် ရောဘတ်အော်ပန်ဟိုင်းမားအကြောင်း ရိုက်ကူးထားတာပါ။

အော်ပန်ဟိုင်းမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား စီလီယံမာဖီက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ခရစ္စတိုဖာနိုလန်က အကောင်းဆုံးဒါရိုက်တာဆု၊ ရောဘတ်ဒေါနေးဂျူနီယာက အကောင်းဆုံးဇာတ်ပို့ဆုတွေ ရရှိခဲ့ကြပါတယ်။

၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို Poor things ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမ်မာစတုန်းက ဆွတ်ခူးခဲ့ပါတယ်။

ရုံဝင်ကြေးအများဆုံးရရှိခဲ့တဲ့ Barbie ဇာတ်ကားကတော့ အကောင်းဆုံး ဇာတ်ဝင်တေးဆု ရရှိခဲ့ပါတယ်။

Ref: BBC

………………………………..