ထားဝယ်တွင် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးပြီးခြောက်ရက်အကြာတွင် အလောင်းပြန်တွေ့

0
10526

ထားဝယ်မြို့နယ်တွင် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း မိသားစုဝင်များထံမှသိရသည်။

သေဆုံးသူမှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု ပဒိုင်းချောင်းရွာသူ မပန်းအိဖြိုး ဆိုသူဖြစ်သည်။

မပန်းအိဖြိုးသည် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အပြင်ခဏထွက်ရန် မိခင်ဖြစ်သူထံ ခွင့်တောင်းပြီး ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ခြောက်ရက်ကြာပြီးနောက် ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ပိုင်းတွင် မပန်းအိဖြိုး၏ အလောင်းကို နေအိမ်နှင့် တစ်မိုင်ခန့် အကွာ ပဒိုင်းချောင်းကျေးရွာ စိုက်ပျိုးရေးခြံထဲတွင် တွေ့ရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ရွာမှာလိုင်းမမိဘူး။ ဖုန်းလိုင်းမိတဲ့နေရာ သွားသွားဆက်ရတယ်။ ဖုန်းပြောသွားဦးမယ်လို့ ထွက်သွားတာ အဲဒီကတည်းက ပျောက်သွားတာပဲ။ ဒီနေ့ အလောင်းတွေ့တယ်။ မှောက်ရက် အနေအထားနဲ့ သေနေတယ်။ ပခုံးနားမှာလည်း အပေါက် တစ်ပေါက်တွေ့တယ်၊ ပြီးတော့ ခြေထောက်မှာလည်း သွေးတွေနဲ့ သူသုံးတဲ့ဖုန်းလည်း အလောင်းနားမှာပဲ ကြေနေတယ်” ဟု ၎င်းမိသားစုဝင်က ပြောဆိုသည်။

မပန်းအိဖြိုး သေဆုံးသည်မှာ သွေးရိုးသားရိုးမဟုတ်ဘဲ သတ်ဖြတ်ခံရခြင်းသာ ဖြစ်ကြောင်း မိသားစုဝင်များနှင့် ရွာခံအချို့က ပြောသည်။

မပန်းအိဖြိုး ပျောက်ဆုံးသွားသည့်နေ့ကလည်း ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် သံသယ ဖြစ်ဖွယ် လူငယ်သုံးဦးကို ပဒိုင်းချောင်းရွာ၌ တွေ့ရကြောင်းလည်း ဒေသခံအချို့က ဆိုသည်။

မပန်းအိဖြိုး၏ ရုပ်အလောင်းကို ပဒိုင်းချောင်းရွာသုသာန်တွင် ထားရှိပြီး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သတ်ပြီး တရားမျှတမှုရရှိရန် စုံစမ်းဖော်‌ထုတ်ပေး ကြရန်လည်း မိသားစုဝင်များက တောင်းဆိုထားသည်။