ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးလာသည့်ကားကို NMSP (AD) တိုက်ခိုက်

0
652
ဓာတ်ပုံ - NMSP (AD)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ကြားဖြတ်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံ သိရသည်။

မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ကမာဝက်နယ်မြေစခန်းမှူး စီးနင်းလာသည့်ကားသည် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရောင်းဒေါင်းနှင့် ကွမ်လှာကျေးရွာကြားအရောက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကားလမ်းတွင် ကားသုံးစီး မီးရှို့ခံထားရသည်ကို တွေ့ရှိရပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှု ရှိ မရှိကိုမူ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

“ကားကိုပစ်တာ။ တစ်ဖက်ပဲပစ်တော့ သေနတ်သံတော့ မများဘူး။ အဲဒါပြီးမှလက်နက်ကြီးသံတွေ ကြားရတယ်။ ဝဲကလိကနေ လှမ်းပစ်တာ ထင်တယ်။ လူတွေက အဲဒီလိုလှမ်းပစ်လာမှာ ကြောက်ကြတယ်။ ဒီမနက်မှာတော့ လမ်းမှာ ကား သုံးစီး မီးရှို့ခံထားရတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရောင်းဒေါင်းနှင့် ကွမ်လှာကျေးရွာထဲသို့ ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကမူ သတင်းအရ ဒေသတွင်းလှုပ်ရှားနေသည့် တပ်ဖွဲ့တို့ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း MA1 သေနတ်တစ်လက်နှင့် စစ်သုံးပစ္စည်း အချို့ သိမ်းဆည်း ရမိကာ ကားနှစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးနင်းလာသည့် ကား တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ အခြေအနေကို Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း NMSP (AD) က ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာတွင် စခန်းချထား သည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းအပြင် မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲမှ ၈ နာရီအထိ တံခွန်တိုင်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကို NMSP (AD) နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) သည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသောအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ ကြေညာပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်း များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသည်။