မြန်မာနယ်စပ်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမရှိရေး လုံခြုံရေးတပ်ကြပ်ရန် ထိုင်းရဲချုပ်ညွှန်ကြား

0
646
ပုံ - မတ်လ ၁၃ ရက်က ကန်ချနဘူရီတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမရှိရေး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ကြရန် ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်က ညွှန်ကြားထားသည်။

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်နှင့် ကန်ချနဘူရီခရိုင်များတွင် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးအတွက် နယ်ခြားစောင့် တပ်များကို ရဲချုပ်က မတ်လ ၁၂ ရက်စွဲဖြင့် စာထုတ်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်တွင်းရေး မတည်ငြိမ်မှုများကြောင့် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာမှုများကို တားဆီးရေးနှင့် တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းမှုမရှိရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

တရားမဝင် အလုပ်သမားများ တောလမ်းကတစ်ဆင့် မြို့ထဲ မလာရောက်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ်များနှင့် လမ်းကြောင်းများကို တင်းကြပ်ကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရေးကျွမ်းကျင်သူ စတီဗင်စန်းယုက ပြောသည်။

“တိုက်ပွဲတွေ အရှိန်မြင့်လာပြီး လူတွေ (မြန်မာနိုင်ငံသား) သူ့နိုင်ငံထဲ အများကြီးဝင်လာမှာကို ကြိုကာတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

အကယ်၍ လိုအပ်ပါက စစ်ဆေးရေးဂိတ်အသစ်များ ဖွင့်ရန်လိုအပ်ပြီး ပြည်သူများပါ ပူးပေါင်းလာစေရန်အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထိုင်းရဲချုပ်က ညွှန်ကြားထားသည်။

စည်းကမ်းဖောက်ဖျက်မှုရှိသော အရာရှိများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညွှန်ကြားချက်ထွက်ပြီး နောက်တစ်ရက် မတ်လ ၁၃ ရက်တွင် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၂ ဦး ဖမ်းဆီးခံခဲ့ရသည်။