ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာသုံးဦး လဝက်ကျော်ကြာသည်အထိ ပြန်မလွတ်သေးဟုဆို

0
993

ဗထူးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာသုံးဦး ပြန်မလွတ်လာသေးကြောင်း ယင်းတက္ကသိုလ်ရှိ ကျောင်းသားအချို့က ပြောသည်။

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖေဖော်ဝါရီလ ၂၈ ရက်‌က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယနေ့ မတ်လ ၁၅ ရက်နေ့အထိဆိုပါက ၎င်းတို့သုံးဦး အဖမ်းခံရသည်မှာ ၁၆ ရက်ရှိနေပြီဖြစ်သည်။

“ပြန်မလွတ်သေးဘူးတဲ့ ။ ဆရာ၊ ဆရာမတွေကိုလည်း မေးကြည့်ပြီးပြီ” ဟု ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦးက ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ပြောဆိုသည်။

ဆရာ၊ ဆရာမသုံးဦးအား ပြန်လွှတ်ပေးခြင်း ရှိမရှိ အတည်ပြုနိုင်ရန် ဗထူးတပ်မတော်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်ဆီ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ယင်းကိစ္စအကြောင်း တစ်စုံတစ်ရာ ‌ထုတ်ဖော်ပြောဆို၍ မရသေးဟုသာ ဖြေကြားသည်။

“ဘာမှပြောလို့မရသေးဘူးခင်ဗျား။ အဲဒါနဲ့ပတ်သတ်ပြီး‌တော့လေ” ဟု ရဲဘော်ထက်မြက်က ပြောသည်။

ထားဝယ်မြို့ပြင် ၈ မိုင်ခန့်အကွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခဒေါ်နန္ဒာလွင်၊ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခဒေါ်စုစုလတ်တို့သုံးဦး အဖမ်းခံထားရခြင်း ဖြစ်သည်။

၎င်းတို့သည် စစ်ကောင်စီ၏ ပညာရေးစနစ်ကို အကောင်အထည်ဖော် အသက်သွင်းနေသူများဖြစ်သောကြောင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းကာ စစ်ဆေးနေကြောင်း ဗထူးတပ်မတော်က ဖမ်းဆီးပြီးနောက်ပိုင်းတွင် ထုတ်ပြန်ပြောဆိုထားသည်။