ရခိုင်မှာ ဘာကြောင့်စစ်ကောင်စီ အရှုံးကြီးရှုံးရသလဲ

0
9115
ပုံစာ - ကျောက်တော်မြို့နယ်ထဲတွင် စစ်ကောင်စီ စစ်သင်္ဘောသုံးစင်းကို ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် AA တိုက်ခိုက်နစ်မြှုပ်ခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီတပ်က အသည်းအသန်ခုခံနေသည့်ကြားက တစ်မြို့ပြီးတစ်မြို့ သိမ်းယူခံနေရသည်။

ရခိုင့်ဘုရင်များ ထီးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့တော် မြောက်ဦးအပါအဝင် မြို့နယ်အဆင့်ရှိသည့် မြို့ရှစ်မြို့ကို ရက္ခိုင့် တပ်တော် AA သိမ်းယူထားနိုင်ပြီဖြစ်သည်။ စစ်ရေးမှာ ရခိုင်မြောက်ပိုင်းမှ တောင်ပိုင်းသို့ အရှိန်ဖြင့်ကူးလာနေသလို မြို့တော် စစ်တွေအနီးသို့လည်း ရောက်ရှိနေပြီဖြစ်သည်။

ယခင်က စစ်ရေးအရဖိထားခဲ့သည့် စစ်တပ်မှာ လက်ရှိကာလတွင် ခံစစ်အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည်။ ပြောက်ကျား စစ်ဖြင့် တိုက်ခိုက်ခဲ့ရသည့် AA မှာ ထိုးစစ်ဆင်တိုက်ခိုက်လာပြီး စစ်ရေးချိန်ခွင်လျှာ ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မျက်နှာများစွာအနက် ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်စုံ ပူးပေါင်းတိုက်ခိုက်ခွင့်ရသည့် တစ်ခုတည်းသောဒေသ ဖြစ်သည်။

သို့သော် AA က စစ်ရေးဖော်ဆောင်ပြီး လေးလကျော်ကာလတွင် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်မြောက်ပိုင်းကမြို့နယ် ခြောက် ခုကို သိမ်းယူထားသည့်အပြင် တောင်ပိုင်းက ရမ်းဗြဲမြို့ကိုပါ သိမ်းယူထားပြီဖြစ်သည်။ နောက်ထပ် မြောက်ပိုင်းက မြို့သုံးမြို့ ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသလို အလယ်ပိုင်းက တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူကိုလည်း တိုက်ခိုက်နေ သည်။ ရခိုင်တွင် ၁၇မြို့နယ် ရှိသည့်အနက် ထက်ဝက်ကျော်ကို AA က ထိန်းချုပ်ထားနိုင်သည့်သဘောဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီ အဓိက အားထားရသည့် ရေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်သွားအောင်လည်း စွမ်းဆောင် ပြထားနိုင်ပြီ ဖြစ်သည်။ ယခုကဲ့သို့ ရခိုင်ခွင်တွင် စစ်ကောင်စီတပ် အရေးနိမ့်သွားရခြင်းမှာ အဘယ့်ကြောင့်နည်း။

အကြမ်းအဖွဲ့ကြေညာခံရပြီး အမြစ်ဖြုတ်တိုက်ခိုက်ခြင်းခံခဲ့ရသည့် AA မှာ လက်ရှိတွင် နယ်မြေများစွာ သိမ်းယူလာနိုင်သလို အိန္ဒိယနှင့်ပါ ထိတွေ့ဆက်ဆံလာရပြီဖြစ်သည်။ ပလက်ဝ-မီဇိုရမ်ကားလမ်းဖောက်ရန် မီဇိုရမ်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နှင့် AAတာဝန်ရှိသူတို့ ဖေဖော်ဝါရီလ ၂၉ရက်က တွေ့ဆုံခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ ဆက်ဆံလေ့ မရှိ သည့် အိန္ဒိယသည်ပင် အရေးပါသည့်ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက် AAနှင့် ထိတွေ့ဆက်ဆံလာရခြင်းဖြစ်သည်။

AA ဖြတ်ခဲ့ရသည့် ခရီးကြမ်း

AA အတွက် ယခုကဲ့သို့ အခြေအနေမျိုးသို့ အလွယ်တကူရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ကြံကြံခံဖြတ်ကျော်ကာ တည်ဆောက်ခဲ့ရကြောင်း တွေ့ရှိရသည်။

၂၀၀၉တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIAထံ၌ စစ်ပညာသင်ယူကာ AAကိုစတင်တည်ထောင်သည်။ ၂၀၁၅တွင် ချင်း ပြည်နယ် ပလက်ဝမှတစ်ဆင့် ရခိုင်သို့ခြေချရန်ကြိုးပမ်းလာပြီးနောက် မြန်မာစစ်တပ်နှင့်တိုက်ပွဲများစတင်ခဲ့သည်။ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် ပါဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာသည်။
ရခိုင်တွင် AA ခြေကုပ် မရယူနိုင်ရန် စစ်တပ်က အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ပြည်နယ်ပြင်ပက တိုက်ခိုက်ရေးတပ်မများကို ခေါ်သုံးပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ သို့သော် AAက ချိနဲ့မသွားဘဲ ပိုမို၍ပင် အားကြီးလာသည်။

၂၀၁၈ မှ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ၂နှစ်ကျော်ကြာ တိုက်ပွဲများ မရပ်အနား အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် မြန်မာစစ်တပ်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး အမြစ်ဖြုတ်ရန် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

သို့သော် ပြည်သူထောက်ခံမှုအားကောင်းပြီး သတင်းလက်ဦးမှုရသဖြင့် စစ်တပ်၏ မြေပြင်စစ်ကြောင်းများကို AA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကာ အထိနာအောင်လုပ်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ် မြို့ပြင်ပသို့ မထွက်နိုင်တော့စေသည် အထိ စွမ်းဆောင်နိုင်ခဲ့ကြောင်း ရခိုင်ဒေသခံများကို မေးမြန်းချက်များအရ သိရသည်။

AA သည် အချိန်တိုအတွင်း အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်လာပြီး ရခိုင်ပြင်ပသို့ပါ တပ်ဖြန့်ထားနိုင် လာသည်။ ရက္ခိုင့်တပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လွန်ခဲ့သည့် ၂ နှစ်မတိုင်ခင်က အင်အားသုံးသောင်းရှိပြီး နောက်ထပ်ရှစ်ထောင်တိုးလာကြောင်း ဘီဘီစီနှင့် ဇန်နဝါရီလအတွင်းကပြုလုပ်သည့် အင်တာဗျူးတွင် ဖြေကြားထားသည်။

ပုံစာ – ဇန်နဝါရီလ ၁၈ ရက်က ပလက်ဝအခြေစိုက် ရှေ့တန်းဌာနချုပ် ခလရ ၂၈၉ ကို AA က သိမ်းယူပြီးနောက် တွေ့ရစဉ်။

ပြောက်ကျားစစ်မှ ထိုးစစ်သို့

၂၀၁၈ မှ ၂၀၂၀ အထိ ၂ နှစ်ကျော်တိုက်ပွဲကာလ အစောပိုင်းတွင် AA က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်။ အားပျော့ သည့် ပစ်မှတ်များ ဥပမာ နယ်ခြားစောင့်စခန်း၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခြင်း၊ သတင်းလက်ဦးမှု ရယူကာ စစ်ကြောင်း များကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ရခိုင်အရေးလေ့လာသူတို့က ဆိုသည်။

ယင်းနောက် တဖြည်းဖြည်း လမ်းကြောင်းများကို မြန်မာစစ်တပ် သွားလာလှုပ်ရှား၍ မရနိုင်အောင် တိုက်ခိုက်လာနိုင်ပြီးနောက် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် နယ်ဒေသတို့ကို ထိန်းချုပ်နိုင်လာခဲ့သည်။ စစ်တပ်မှာ မြို့ပေါ်နှင့် နယ်ဒေသရှိ ဗျူဟာစခန်း များ အချက်အချာကျသည့်နေရာတို့ရှိ အထိုင်ချထားသည့် တပ်စခန်းတို့တွင်သာ နေရာယူထားပြီး မြေပြင်စစ်ကြောင်းထိုး သွားလာနိုင်ခြင်း မရှိတော့ကြောင်း ရခိုင်အရေးလေ့လာသူတို့က ဆိုသည်။

မြေပြင်စစ်ကြောင်းများသွားလာလျှင် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာသဖြင့် အထိုင်စခန်းများမှသာ ပစ်ခတ်တိုက်ခိုက်လေ့ ရှိတော့ကြောင်းဆိုသည်။ AA သည် ထိန်းချုပ်နယ်မြေ ပိုကျယ်လာပြီး မြို့နှင့်ကပ်လျက်နေရာများအထိ ထိန်းချုပ်လာနိုင်သည့် အပြင် မြို့ပေါ်အထိ တက်ရောက်ဖမ်းဆီးမှုများပါ လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံတို့က မေးမြန်းချက်များအရသိရသည်။

“စစ်တပ်က မြို့ထဲကနေ ထွက်ပြီး သွားလာလို့မရတော့ဘူး။ မြို့ထဲမှာ စျေးဝယ်ရင်တောင် အဖွဲ့လိုက် လက်နက် အပြည့် အစုံနဲ့မှ စျေးလာ ဝယ်ရဲတော့တယ်။ မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာစခန်းတွေ၊ အထိုင်စခန်းတွေကလည်းအပြင် မထွက်ရဲတော့ ဘူး” ဟု မြေပြင်အခြေအနေတွေကိုသိသည့် ရခိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြန်မာစစ်တပ်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေရာမှ ထိန်းချုပ်နယ်မြေများ တဖြည်းဖြည်းဆုံးရှုံးလာခဲ့ရသည်။ ပြောက်ကျားနည်းဖြင့် စခဲ့သည့် AA မှာမူ ထိုးစစ်ဆင်လာနိုင်သည့် အခြေအနေသို့ ရောက်လာသည်။ သို့သော် စစ်ရေးပြင်းထန်နေချိန် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ရုတ်တရက် နှစ်ဖက်အပစ်ရပ်လိုက်ကြပြီး ရခိုင်တွင် စစ်မီး ယာယီငြိမ်းသွားခဲ့သည်။

ပုံစာ – ရခိုင်နဲ့ ချင်းပြည်နယ်တို့တွင် AA က သိမ်းယူထားသည့် မြို့နယ်အဆင့်ရှိသည့် မြို့များ။ 

အချိန်ကောင်းစောင့်နေသည်

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ကြုံရပြီး နွေဦးတော်လှန်ရေးပေါ်ပေါက်လာသည်။ AA က တော်လှန်ရေးအဖွဲ့များကို သင်တန်းပေးသော်လည်း ကိုယ်တိုင်စစ်ရေးဖော်ဆောင်ခြင်း မရှိဘဲ တစ်နှစ်ကျော် ငြိမ်နေခဲ့သည်။

ယင်းနောက် ၂၀၂၂ ဩဂုတ်လတွင် တစ်ကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့် စခန်းများ၊ စစ်တပ်စခန်းများ သိမ်းယူခံလာရပြီး တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ရခိုင်တွင် ရေလမ်း၊ ကုန်းလမ်း အားလုံးကို ပိတ်ဆို့ဖြတ်တောက်ပစ်ခဲ့သည်။

ထို့ကြောင့် စားနပ်ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးများ ရှားပါးပြတ်လပ်ကာ ပြည်သူလူထုအကြီးအကျယ် ဒုက္ခရောက်ခဲ့သည်။ ယင်းနောက် တိုက်ပွဲသုံးလကျော်ကြာလာချိန်တွင် လူသားချင်းစာနာထောက်ထားမှုအရ တစ်ဖန် အပစ်ရပ်ခဲ့ပြန်သည်။ အာဏာသိမ်းကာလ သုံးနှစ်နီးပါးတွင် ယင်းတစ်ကြိမ်မှလွဲ၍ စစ်ရေးဖော်ဆောင်ခြင်း မရှိခဲ့ပေ။ ရခိုင်တွင် စာသင်ကျောင်းမှာ ဖွင့်လှစ်ခြင်း၊ သင်္ကြန်အပါအဝင် ပွဲလမ်းသဘင်များ ကျင်းပခြင်းစသဖြင့် ငြိမ်းချမ်းသောနယ်မြေအသွင် ဖြစ်နေခဲ့သည်။

အာဏာသိမ်းကာလအတွင်း AA သည် ရခိုင်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အခိုင်အမာတည်ဆောက်နေခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ အုပ်ချုပ်ရေးအဖွဲ့များကို စစ်ကောင်စီနှင့် အပြိုင်ဖွဲ့လာခဲ့သည်။ ပြည်သူများမှာ AA ၏ တရားစီရင်ရေး ကိုသာ အားကိုးလာသဖြင့် မြို့ပေါ်ကတရားရုံးများမှာ ခြောက်ကပ်သွားကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲရပ်ထားသည့်ကာလတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားကို တည်ဆောက်ကာ အခြားတစ်ဖက်တွင် လူအင် အားနှင့် လက်နက်အင်အားများကို ဖြည့်တင်းကာအသင့်ပြင်ပြီး တိုက်ပွဲဖော်ဆောင်ရန် အချိန်ကောင်းစောင့်နေခဲ့ခြင်း ဖြစ်နိုင် ကြောင်း ရခိုင်အရေးလေ့လာသူအချို့က သုံးသပ်သည်။

စကစ၏ ပိတ်ဆို့ရေးဗျူဟာကို ချေဖျက်ခြင်း

AA က မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင်စတင်ချိန် ရခိုင်တွင်ငြိမ်သက်နေခဲ့သည်။ စစ်ဆင်ရေး စပြီး ၁၈ရက်မြောက်နေ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်တွင် ရခိုင်၌ သေနတ်သံထွက်လာပြီး တိုက်ပွဲတစ်ကျော့ပြန် စတင်ခဲ့သည်။

၂၀၂၂ သင်ခန်းစာကို ယခုတစ်ကြိမ်တွင် ဖြေရှင်းရန် ကြိုးပမ်းလာသည်။ တိုက်ပွဲမစတင်မီ လပိုင်းအလိုကပင် ပြည်သူများကို AA က ကြိုတင်ပြင်ဆင်ခိုင်းကြောင်း ရခိုင်ဒေသခံတို့က ပြောသည်။ ‘ပြည်သိမ်းတိုက်ပွဲ’ ဆင်နွှဲမည်ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားရန်၊ ဗုံးခိုကျင်းများတူးရန် သတိပေးခြင်းဖြစ်သည်။

“စားနပ်ရိက္ခာကို အနည်းဆုံး သုံးလေးလစာအတွက် ကြိုစုထားဖို့ ပြောတယ်။ ဗုံးခိုကျင်းတွေကို မဖြေမနေတူးခိုင်းတယ်” ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၂ တိုက်ပွဲတွင် ရိက္ခာပြတ်လပ်မှုကြောင့် တိုက်ပွဲများ ရပ်ဆိုင်းခဲ့ရသဖြင့် ယခုတစ်ကြိမ်တွင် အလားတူ ဖြစ်ရပ်မကြုံရန် ကြိုတင်ပြင်ဆင်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချကြသည်။ အချို့နေရာတွင် စပါးရိတ်သိမ်းပြီးချိန်အထိ တိုက်ပွဲ မဖော်ဆောင်ဘဲ စောင့်ဆိုင်းပေးမှု ရှိသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီဘက်ကလည်း ၂၀၂၂ ကဲ့သို့ တိုက်ပွဲပြင်းထန်ချိန်အထိ မစောင့်တော့ဘဲ သေနတ်သံစထွက်သည့်နေ့တွင်ပင် ယခင် အကျပ်ကိုင်ခဲ့သည့် နည်းဟောင်းအတိုင်း ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ ဖြတ်တောက်ပစ်လိုက်သည်။ အကျိုးဆက် အဖြစ် ကုန်စျေးနှုန်းများ၊ လောင်စာဆီစျေးနှုန်းများ အဆမတန်ခုန်တက်သွားသည်။ သို့သော် တိုက်ပွဲကား မရပ်တော့ပေ။

AA က ဘင်္ဂလာဒေ့ရှ်နယ်စပ်လမ်းကြောင်း ပွင့်ရန် မောင်တောမြို့နယ်နှင့် အိန္ဒိယနယ်စပ်လမ်းကြောင်း ပွင့်ရန် ချင်းပြည်နယ် ပလက်ဝတို့ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်လာသည်ကို တွေ့ရကြောင်း စစ်ရေးအကဲခတ်အချို့က ထောက်ပြသည်။

ပုံစာ – ပလက်ဝ အခြေစိုက် ထရွန်အိုင်ဗျူဟာစခန်းကုန်းကြီးကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် AA သိမ်းယူထားစဉ်။ 

AA က ပလက်ဝမြို့နယ်ကို နှစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့နယ်ဖြစ်သည်ကို ကြည့် လျှင် နယ်စပ်လမ်းကြောင်း ဖွင့်ရန်ကြိုးပမ်းမှု မှန်ကန်ကြောင်း သက်သေထူနေသည်။ အိန္ဒိယနယ်စပ် ပလက်ဝမှသည် ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေအထိ ကုန်သွယ်စီးဆင်းနိုင်သလို AA အတွက် ထောက်ပို့လမ်းကြောင်းလည်း ပွင့်သွားနိုင်ကြောင်း စစ်ရေးအကဲခတ်တို့က ထောက်ပြမှုများရှိသည်။

မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်က နယ်ခြားစောင့် စခန်းများ၊ စစ်စခန်းများကို သိမ်းယူသဖြင့် မောင်တောမြို့အနီးသို့ တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုလည်း AA က ထိန်းချုပ်လာနိုင်ပြီဟု ဆိုနိုင်သည်။ လက်ရှိတွင် နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို အသုံးပြုနေကြပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဘင်္ဂလာဆီ သုံးတယ်” ဟု ရသေ့တောင်မြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဘင်္ဂလာဆီမှာ ဘင်္ဂလားဒေ့ရှ် က တင်သွင်းလာသည့် စက်သုံးဆီကို ရည်ညွှန်းခြင်းဖြစ်သည်။ ဆီအပြင် စားသောက်ကုန်အချို့လည်း နယ်စပ်က ဝင်လာ ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ၂၀၂၀တွင် လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် စားနပ်ရိက္ခာပြတ်သွားခြင်း၊ ဆေးရုံများတွင် ဆေးဝါး မရှိတော့သည့်အခြေအနေသို့ ရောက်သွားသဖြင့် တိုက်ပွဲ ရပ်ခဲ့ရကြောင်း ဘီဘီစီနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ သည်။ ယခုတစ်ကြိမ် အလားတူမဖြစ်အောင် လူထုအသက်ရှူပေါက်ကို ကြိုတင်ရှာဖွေထားခဲ့သည်ဟု ဆိုသည်။

“တိုက်ခိုက်မယ့်အချိန်၊ ပြီးတော့ တိုက်ပွဲဖော်ဆောင်မယ့်နေရာ၊ ပြီးတော့ တစ်နေရာပြီး တစ်နေရာဖြစ်လို့ ရွှေ့ပြီးမှ လူးသာ လွန့်သာ လူထုအတွက် အသက်သာဆုံးဖြစ်မယ်ဆိုတာကို စနစ်တကျစဉ်းစားပြီးမှ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်”

ဖြတ်လေးဖြတ် ပြန်ခံရသည့် စကစ

စစ်ကောင်စီတပ်၏ အဓိက စစ်နည်းဗျူဟာဖြစ်သည့် ဖြတ်လေးဖြတ်ပုံစံ ကျင့်သုံးကာ ပြည်သူလူထုနှင့် AA အထိနာအောင် လုပ်ခဲ့သည့် လုပ်ရပ်အတိုင်းပင် စစ်ကောင်စီတပ် ပြန်ခံနေရသည်။ ပိတ်ဆို့ဖြတ်တောက်ခံရမှုကြောင့် စစ်ကောင်စီတပ် ရခိုင်တွင် အထိနာနေသည်။

ရခိုင်တွင် ယခုတစ်ကြိမ် ထိုးစစ်များ စတင်မီကပင် စစ်ကောင်စီစခန်းများကို နှစ်ရှည်လများ ဝန်းရံပိတ်ဆို့ ဖြတ်တောက် ထားကြောင်း AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

နယ်ဒေသများတွင်ရှိသည့် စစ်ကောင်စီတပ် ဗျူဟာစခန်းများ၊ တပ်စခန်းများသို့ စစ်သင်္ဘောဖြင့် လက်နက်၊ ရိက္ခာများ လာရောက်ပို့ဆောင်လျှင် ပစ္စည်များထားခဲ့သည့်နေရာသို့ စစ်ကောင်စီတပ်ဘက်က လာရောက်မယူနိုင်အောင် AA က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ပိတ်ဆို့ခံထားရသဖြင့် ရိက္ခာ၊ လက်နက်၊ စစ်ကူ ရောက်နိုင်ရန် ခက်ခဲလာချိန် တောင့်မခံနိုင်တော့ဘဲ စခန်းများ ကျဆုံးခြင်း၊ စခန်းစွန့်ခွာခြင်းများ ဖြစ်လာကြောင်း ရခိုင်အရေးလေ့လာသူတို့က ထောက်ပြသည်။ နယ်ဒေသရှိ စခန်းများအပြင် ယခု တစ်ကြိမ်တိုက်ပွဲတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများပင် အလားတူအဖြစ်မျိုး ကြုံလာကြောင်း ဆိုသည်။

“သူတို့စခန်းထဲက မထွက်နိုင်တော့ဘူး။ မြို့ထဲက မထွက်နိုင်တော့ဘူး။ ဗျူဟာကုန်းကနေ အောက်ကို မဆင်းနိုင်တော့ဘူး။ ဖြတ်လေးဖြတ်ပုံစံမျိုး AA က လုပ်ထားနိုင်တယ်။ ခဏလေးပိတ်ဆို့ထားတာ မဟုတ်ဘူး။ နှစ်ချီပြီး ပိတ်ဆို့ထားတာကြောင့် ရေကအစ ရိက္ခာကအစ အခက်အခဲအများကြီးဖြစ်လာတယ်။ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဗျူဟာကိုသုံးတဲ့အတွက် တိုက်ပွဲ တွေမှာ ထမင်းငတ် ဟင်းငတ်နဲ့ လက်နက်ချတာ ကြုံရတယ်။ အဲဒါကြောင့်လည်း လက်နက်ချတာ ပိုများလာတာ” ဟု ရခိုင်က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။ ၎င်းသည် မြေပုံမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရခိုင်တွင် တပ်ရင်းလိုက် လက်နက်ချသည့် ပထမဆုံးဖြစ်ရပ်မှာ ကျောက်တော်မြို့တွင်ဖြစ်သည်။ စစ်ကောင်စီ ခမရ ၅၃၉ တပ်ရင်းတစ်ခုလုံးလက်နက်ချခဲ့ပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရတာကြောင့်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

ပုံစာ – ကျောက်တော်မြို့အခြေစိုက် ဒေသကွက်ကဲမှုစစ်ဌာနချုပ် စကခ (၉) ကို သိမ်းယူပြီးနောက် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းကို AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ရဟတ်ယာဉ်ဖြင့် စစ်ကူနှင့် ရိက္ခာပို့ရာတွင်လည်း ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် အကျအဆုံးများနေသည်။ ဖေဖော်ဝါရီလ ၂၄ ရက်က မြို့တွင်းတိုက်ပွဲပြင်းထန်နေပြီး ပိတ်ဆို့ခံထားရသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ် လေးစင်းဖြင့် စစ်ကူအင်အား ၁၂၀ ခန့် ပို့ပေးခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းစစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးကြောင်း AA က ဆိုသည်။ အလားတူ ဇန်နဝါရီလ ၂၄ ရက်ကလည်း မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ သေဆုံးခဲ့သလို လေယာဉ်ဖြင့် ချပေးသည့် လက်နက်များကို ကြားဖြတ်ရယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် ရိက္ခာချလျှင် AA က ကြားဖြတ်ရယူခြင်း၊ စစ်ကူပို့လျှင်လည်း ကြားဖြတ်တိုက်ခိုက်ခြင်းတို့ကြောင့် လေယာဉ်ဖြင့် ရိက္ခာ စစ်ကူပေးပို့ခြင်းမှာ မအောင်မြင်ကြောင်း ရခိုင်အရေးလေ့လာသူတို့က ပြောဆိုသည်။

မလှုပ်နိုင်တော့သည့် စကစ

နွေဦးတော်လှန်ရေးကလည်း ရခိုင်စစ်ရေးချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေခဲ့သည်။ အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်ပန်းခြင်း၊ စစ်အင်အားပြုန်းတီးခြင်း၊ ရှေ့တန်း စစ်မျက်နှာတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခြင်း၊ ဓိတ်ဓာတ်ပြိုလဲခြင်းများက အကျိုးသက်ရောက်မှု ကြီးစေခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး ရှမ်းမြောက်တွင်လည်း အကြီးအကျယ်အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ထိုးစစ်များ အားနည်းလာသလို စစ်ကူပို့နိုင်မှုလည်း အားနည်းလာကြောင်း စစ်ရေးအကဲခတ်တို့က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် စစ်ကောင်စီက စစ်တိုင်းအနည်းဆုံးရှစ်ခု၊ ဒကစ အနည်းဆုံး လေးခု၊ တပ်မအနည်းဆုံး ၁၀ခု ၊ စကခ ကိုးခုတို့က တိုင်းပြည်၏ ၆၇ ရာခိုင်နှုန်းရှိသည့် စစ်နယ်မြေ တနံတလျားတွင် ပါဝင်တိုက်ခိုက်နေရသော်လည်း စစ်ကူပေး အဆင့်ထိပင် စစ်ဆင်နိုင်မှု မရှိတာ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက ထုတ်ပြန်သည့် သုံးသပ်ချက်တစ်ရပ်တွင် ဖော်ပြသည်။

“မလှုပ်နိုင်အောင် အချုပ်ခံထားရသလို ဖြစ်နေတယ်” ဟုလည်း ဆိုသည်။ စစ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီတပ်မှာ တပ်ရင်းတစ်ခုလျှင် အမှန်တကယ် တိုက်ခိုက်နိုင်သူ တစ်ရာဝန်းကျင်သာရှိနိုင်ကြောင်းလည်း ISP က သုံးသပ်ထားသည်။

အရွယ်ရောက်သူတိုင်း မဖြစ်မနေစစ်မှုထမ်းရသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အပူတပြင်း ပြဋ္ဌာန်းလိုက်ခြင်းကလည်း စစ်ကောင်စီတပ်၏ အင်အားလျော့နည်းလာမှု၊ အင်အားလိုအပ်ချက် မြင့်မားနေမှုကို ထင်ဟပ်စေသည်။

အာဏာမသိမ်းမီက ရခိုင်တိုက်ပွဲများတွင် ပြည်နယ် ပြင်ပက တိုက်ခိုက်ရေးတပ်မများကို အသုံးပြုနိုင်ခဲ့သော်လည်း ယခု တစ်ကြိမ်တွင် နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရသဖြင့် တပ်များ ပုံအော မထိုးနိုင်တော့ကြောင်း စစ်ရေးအကဲခတ်တို့က ဆိုသည်။

“အရင်တုန်းကဆိုရင် စကစမှာရှိတဲ့ တစ်ပြည်လုံးက တပ်တွေက ရခိုင်မှာ ပုံအောထားတယ်။ ဒီတစ်ကြိမ်တော့ ခုလို ပုံအော ထားလို့ မရတော့ဘူးပေါ့။ အခုလက်ရှိ အချိန်မှာ အင်အား မရှိတော့ဘူးပေါ့” ဟု ရခိုင်တွင် တာဝန်ထမ်းဆောင်ဖူးသည့် CDM ဗိုလ်မှူး ဇင်ယော်က ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောဆိုထားသည်။

ဦးဖေသန်းကလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပြည်မက တိုက်ခိုက်ရေးတပ်မများ လာရောက်သည်ကို မတွေ့ရတော့ဘဲ ယခင်ကပင် ရခိုင်တွင်ရှိနေသည့် ၁၁ ၊ ၂၂ တိုက်ခိုက်ရေးတပ်မ တို့ကိုသာ အသုံးပြုနေသည်ကို တွေ့ရကြောင်း ပြောသည်။

“(တစ်နိုင်ငံလုံး တိုက်ပွဲဖြစ်နေတော့) စစ်ကောင်စီတပ်က အရူးမီးဝိုင်းဖြစ်နေတယ်။ ဟိုဘက်လည်းပြေးရ ဒီဘက်လည်း ပြေးရ။ တပ်မတွေကို အဲဒီလောက် ဖြန့်ကျက်နိုင်တဲ့ အခြေအနေမရှိတော့ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ထို့ကြောင့် အင်အားနည်းသည့် စခန်းငယ်များမှာ စခန်းကြီး၊ တပ်ရင်းတို့တွင် စုပေါင်းကာ ခုခံရသည့် အခြေအနေဖြစ်လာ သည်။ AA ၏ ထုတ်ပြန်ချက်အရလည်း ၎င်းတို့ သိမ်းယူထားသည့် စခန်းများအနက် အများအပြားမှာ စခန်းစွန့်သွားခြင်း ဖြစ်ကြောင်း ဆိုသည်။ တိုက်ပွဲစတင်ဖြစ်သည့် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နယ်ခြားစောင့်စခန်းနှင့် ရဲစခန်း ၄၀ကျော် စခန်းစွန့်သွားကြောင်း AA က ဆိုသည်။ စခန်းစွန့်ရာတွင် ဗျူဟာကုန်းများလည်း ပါဝင်နေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ AA၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က စွန့်ခွာသွားသည့် တပ်စခန်းနှင့် သိမ်းယူ ရရှိသည့် စခန်း စုစုပေါင်း ၁၄၀ ကျော်ရှိသည်ဟု သိရသည်။ တိုက်ပွဲများအတွက် စစ်ကောင်စီ တပ်မမှူး၊ ဗျူဟာမှူး နှစ်ဦး သေဆုံးခဲ့သလို တပ်မမှူး၊ ဗျူဟာမှူးနှစ်ဦးကို ဖမ်းမိထားကြောင်းလည်း AA က ဆိုသည်။

ပုံစာ – ကျောက်တော် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်တွင် AA က သိမ်းယူထားစဉ်။

စခန်းစွန့်ခွာထွက်ပြေးရာတွင် တပ်ရင်းတပ်ဖွဲ့များဆီ သွားရောက် မပူးပေါင်းနိုင်ဘဲ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများသို့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ထောင်ကျော်အထိ ထွက်ပြေးခဲ့ကြရသေးသည်။

ပြည်သူ့ထောက်ခံမှုလည်းမရ

စစ်ကောင်စီ အထိနာသည့် အရေးကြီးသည့် အကြောင်းအရင်တစ်ရပ်မှာ ပြည်သူထောက်ခံမှု မရှိတော့ခြင်းဖြစ်သည်။ AA က လူထုထောက်ခံမှု အကြီးအကျယ်ရရှိနေချိန် စစ်ကောင်စီက ပြည်သူ့ထောက်ခံမှု၊ ပူးပေါင်းမှု မရသဖြင့် သတင်းအချက် အလက်များ မရရှိခြင်း၊ ထောက်ပံ့ကူညီမှု မရခြင်းတို့ကလည်း စစ်ရေးအရ အထိနာစေကြောင်း ထောက်ပြမှုများရှိသည်။

လက်ရှိတိုက်ပွဲကာလတွင် မြို့များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ လူနေကျေးရွာမျးကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်သင်္ဘောနှင့် အထိုင်စခန်းများက လက်နက်ကြီးများ ပစ်ခတ်ခြင်းများကြောင့် ပြည်သူလူထု ထိခိုက် သေဆုံးများရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ လူထုကို တိုက်ခိုက်မှုအပြင် ပိတ်ဆို့ဖြတ်တောက်မှုကြောင့်လည်း စစ်ကောင်စီအပေါ် နာကျည်းကြောင်း ဒေသခံတို့ကဆိုသည်။

“စစ်တပ်ဟာ ရခိုင်ကိုရောက်တာနဲ့ ပတ်ဝန်းကျင်မှာ အဖော်မရှိသလို ဖြစ်သွားတယ်။ သူတို့ကို ထောက်ခံသူမရှိ ကြိုဆိုသူ မရှိ။ အထီးကျန်သွားတာပေါ့။ အဲဒါကြောင့် စစ်တပ်က ရခိုင်မှာ ပိုပြီး ပြိုပျက်လာတယ်။ ရခိုင်ရောက်ရင် သေတွင်းပို့သလို ခံစား လာရတယ်။ ရခိုင်ကိုဆို မသွားချင်ဘူး၊ အဲဒီလောက်အထိ စိတ်ခံစားမှုရှိတယ်” ဟု ဦးဖေသန်းက မှတ်ချက်ပေးသည်။

အခြားတစ်ဖက်တွင် AA ၏ ရက္ခိတလမ်းစဉ်ဖြင့် ရခိုင်လူမျိုးလွတ်မြောက်ရေး စည်းရုံးမှုအောက်တွင် အင်အားကြီးသထက် ကြီးလာနေသည်။

စိတ်ဓာတ်ရေးရာပိုင်းကလည်း စစ်ရေးကို ခြားနားသွားစေသည်။ စစ်ကောင်စီတပ်သားများမှာ စစ်ပန်းခြင်း၊ ဓိတ်ဓာတ်ပြိုလဲ ခြင်း များရှိနေပြီး အသက်အရွယ်အားဖြင့်လည့် ၄၀၊ ၅၀ အရွယ် များနေကြောင်း ထောက်ပြမှုများရှိသည်။ AA တွင်မူ မျိုးချစ် စိတ် ပြင်းထန်ကာ စိတ်တက်ကြွနေသည့် အသက် ၂၀ ကျော် အရွယ်ကောင်းလူငယ် များပြီး တိုက်ခိုက်မှု၊ လှုပ်ရှားမှု၊ ခံနိုင် ရည်၊ ဇွဲလုံလ တို့တွင် စစ်ကောင်စီတပ်သားများထက် ရုပ်ပိုင်း ဓိတ်ပိုင်း အလွန်ကွာဟကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“စစ်ကောင်စီတပ်က အင်အားပြိုကွဲနေတယ်။ AA ကတော့ ပြည်သူထောက်ခံမှုနဲ့ တပ်အင်အားက ပိုလို့ကြီးထွားလာတယ်” ဟု ၎င်းက ဆိုသည်။

အားထားရသည့် ရေတပ်လည်း ရှုံးနိမ့်

ဝိုင်းဝန်းပိတ်ဆို့ခံရပြီး အင်အားနည်းလာသည့် စစ်ကောင်စီတပ်က ယခုတစ်ကြိမ် ရခိုင်တိုက်ပွဲတွင် လေကြောင်းနှင့် ရေကြောင်းကို အဓိက အသုံးပြုလာသည်။ လက်နက်ကြီးပစ်ကူများကိုလည်း တရစပ် အသုံးပြုတိုက်ခိုက်နေသည်။

စစ်ကောင်စီက လေနဲ့ ရေကို အားပြုနေချိန်မှာ ရေကြောင်းတိုက်ပွဲတွင် အထိနာခဲ့ပြန်သည်။ ကျောက်တော်နှင့် မင်းပြား မြို့နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း စစ်သင်္ဘောငါးစင်းကို AA က တိုက်ခိုက်နစ်မြှုပ် သိမ်းယူခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာ စစ်ကောင်စီ ရေတပ်သမိုင်းတွင် ပထမဆုံးအကြိမ် ရှုံးနိမ်ခဲ့သည့် တိုက်ပွဲလည်း ဖြစ်လာသည်။

ပုံစာ – ကျောက်တော်မြို့နယ်ထဲတွင် စစ်ကောင်စီ စစ်သင်္ဘောသုံးစင်းကို ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် AA တိုက်ခိုက်နစ်မြှုပ်ခဲ့သည်။

“ရှော့တိုက်ဒုံး သုံးပုံရတယ်။ ရေမြှုပ်ဗုံးသုံးတယ်လို့လည်း ကောလာဟလထွက်တယ်။ မြစ်ကျဉ်း ချောင်းကျဉ်းဝင်လာချိန် တိုက်ခိုက်ခံရတာဖြစ်တယ်။ လက်နက်ကြီး ဟောင်ဝစ်ဇာအမြောက်နဲ့လည်း ပစ်တယ်။ လက်နက်လည်း ကောင်းကောင်း သုံးနိုင်တယ်။ အင်နဲ့အားနဲ့လည်း ဖိဖိစီးစီးတိုက်နိုင်တယ်။ အဲဒါကြောင့် နေဗီတွေကို နစ်မြှုပ်နိုင်တဲ့ အဆင့်အထိ ရောက်သွား တယ်။ ရေတပ်ကတော့ ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးဘူး” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်သင်္ဘောများမှာ မြစ်ထဲ၊ ချောင်းထဲ မဝင်ရဲတော့ဘဲ ပင်လယ်ဝတွင်သာ နေတော့သည်ဟုဆိုသည်။ ရခိုင်တွင် အကြီးဆုံး ရေတပ်စခန်းဖြစ်သည့် ဓညဝတီရေတပ်စခန်းသည်လည်း AA ၏ တိုက်ခိုက်မှုကို ခံနေရသည်။

ယခုတစ်ကြိမ်တိုက်ပွဲတွင် AA က စစ်လက်နက် ဖြည့်တင်းနိုင်မှုနှင့် နည်းပညာအသုံးပြုနိုင်မှုကို မြင်တွေ့လာရောက်ကြောင်း ရခိုင်အရေးလေ့လာသူတို့က ဆိုသည်။ ရှမ်းမြောက်တွင် အသာစီးရခဲ့သည့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကိုလည်း ရခိုင်တွင် အသုံးပြုတိုက်ခိုက်လာကြောင်း ဆိုသည်။ ယင်းအပြင် လက်နက်ကြီးများ ပိုမိုအသုံးပြု တိုက်ခိုက်လာနိုင်သည်ကိုလည်း တွေ့ရကြောင်း ဒေသခံတို့ကို မေးမြန်းချက် အရသိရသည်။

စစ်ကောင်စီစခန်းများကို ဖြတ်တောက်ပိတ်ဆို့ထားနိုင်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ဘက်ပေါင်းစုံက ဝိုင်းဝန်း တိုက် ခိုက်လာနိုင်သဖြင့် စစ်ကောင်စီဘက်က ကျရှုံးမှု ပိုမြန်ဆန်လာခြင်းဖြစ်သည်ကိုတွေ့ရကြောင်း ရခိုင်စစ်ရေးလေ့လာ သူတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ကြီးများ၊ အမြောက်များကိုပါ တိုက်ပွဲတွင် ပြန်လည်အသုံးပြုလာသည်ဟုလည်း ဆိုသည်။

AA က စစ်ကောင်စီတပ်ရင်းဌာနချုပ်၊ တပ်စခန်းများ၊ မြို့များကို သိမ်းယူနိုင်ခြင်း၊ စစ်သင်္ဘောများကို တိုက်ခိုက်နိုင်ခြင်း စစ်ရေးအသာ ရနေသော်လည်း လေကြောင်းက အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်းလည်း ရခိုင်ဒေသခံတို့က ဆိုသည်။ သိမ်းယူခံထားရသည့် မြို့များကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်နေသည်ကို တွေ့ရသည်။

စစ်တွေနှင့် တိုင်းစစ်ဌာနချုပ်နားကပ်လာ

စစ်တွေနှင့် အနီးဆုံးဖြစ်ပြီး ကုလားတန်မြစ်ခြားထားသည့် ပေါက်တောမြို့၊ စစ်တွေနှင့် မိုင် ၂၀ကျော်သာဝေးသည့် ရန်ကုန်-စစ်တွေကားလမ်းပေါ် ပုဏ္ဏားကျွန်းမြို့ကိုလည်း သိမ်းယူထားပြီးဖြစ်သည်။ ထို့ကြောင့် AA မြို့တော် စစ်တွေအနီးသို့ ချဉ်းကပ်လာပြီဖြစ်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ပုံစာ – မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းများကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် AA ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်း။

ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့တို့ကို သိမ်းယူထားသလို တောင်ပိုင်းတွင် ပထမဆုံးအဖြစ် ရမ်းဗြဲမြို့ကိုလည်း AA က သိမ်းယူထားပြီဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်သည့် အမ်းမြို့နယ်တွင်လည်း တိုက်ပွဲများရှိနေသည်။ အမ်းမြို့နယ်တွင်လည်း စစ်ကောင်စီစခန်းများ စွန့်ခွာမှုရှိနေသလို မြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့ စစ်အတွက် ပြင်ဆင်ထားသည်ကိုတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီစခန်းများ တစ်ခုပြီးတစ်ခုသိမ်းယူခံရသလို မြို့များလည်း တစ်မြို့ပြီး တစ်မြို့ သိမ်းယူခံနေရဆဲဖြစ်သည်။ ပြည်သူ သုံးသိန်းကျော်မှာလည်း စစ်ဘေးရှောင်နေကြရသည်။

AA ကမူ ရခိုင်တွင် စစ်ကောင်စီစခန်းတစ်ခုမျှ မကျန်စေရန် တိုက်ခိုက်သိမ်းယူသွားမည်ဟု ကြေညာထားသည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်တစ်မျိုးသားလုံးလွတ်မြောက်ရေး၊ ရခိုင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း သွားမည်ဟု ပြောဆိုထားပြီး ၂၀၂၅ နှစ်လယ်ပိုင်းတွင် ရလဒ်ဖြင့် သက်သေပြရန် တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောဆိုထားသည့် အတိုင်းပင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA တစ်ခုတည်းသာ ရှိရမည်၊ ဝ တပ်ဖွဲ့ကဲ့သို့ အဆင့်အတန်း သို့မဟုတ် ကွန်ဖက်ဒရိတ် အဆင့် အတန်း ရရှိရမည်ဆိုသည့် AA ၏ တောင်းဆိုချက်များ ရရှိလျှင် ရခိုင်တွင် တိုက်ပွဲများ ရပ်သွားနိုင်ကြောင်း ရခိုင်အရေး လေ့လာသူတို့က ဆိုသည်။ ယင်းသို့ အာမခံချက်မရလျှင် ရခိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်နေမည်ဖြစ်ပြီး တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ရေးတိုက်ပွဲတွင်လည်း AA ထဲထဲဝင်ဝင် ပါဝင်နေမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အာဏာသိမ်းမှုမတိုင်မီက ရခိုင်ကို ထိန်းချုပ်နိုင်သည့်အထိ မြန်မာစစ်တပ်က အင်အားဖြန့်ကျက်ထားနိုင်ခဲ့ပြီး ယခုတိုက်ပွဲတွင် တပ်ဖွဲ့စည်းပုံ ပျက်သွားသည်အထိ တိုက်ခိုက်ခံနေရသည်ကို တွေ့ရကြောင်း ရခိုင်အရေးလေ့လာသူတို့က ဆိုသည်။ စစ်ကောင်စီတပ် အရှုံးကြီး ရှုံးနေသည့် ရခိုင်ခွင်က စစ်ရေးအခြေအနေကို ဦးဖေသန်းက အောက်ပါအတိုင်း သုံးသပ်သည်။

“ရခိုင်ပြည်အခြေအနေကတော့ ရှေ့ဆက်လည်း ULA/AA က တိုက်ရင် အနှေးနဲ့ အမြန် မြို့တွေကတော့ ULA/AA လက်ရောက် ကျရောက်သွားမှာ သေချာပေါက်မြင်တွေ့နေရပါတယ်”

ကိန်းဂဏာန်းများ


၈ – မြို့နယ်အဆင့်ရှိသည့် မြို့ ၈မြို့ကို AA သိမ်းယူထားသည်။ ရခိုင်ပြည်နယ်က ခုနစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ဖြစ်သည်။


၉ – စစ်ကောင်စီတပ်၏ စစ်သင်္ဘောလေးစင်းကို AA က တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ပြီး တစ်စီးကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် စစ်သင်္ဘောလေးစင်းကိုလည်း ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဆိုသည်။


တစ်ထောင်ကျော် – AA တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ရှိသည်။

 
သုံးသိန်းကျော် – ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်နှင့် ပလက်ဝတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

ရက်စွဲမှတ်တမ်း


နိုဝင်ဘာ ၁၃ – ၁၀၂၇ စတင်ပြီး ၁၈ရက်မြောက်နေ့တွင် ရခိုင်၌တစ်ကျော့ပြန် တိုက်ပွဲစတင်ဖြစ်ပွားသည်။ ရသေ့တောင်မြို့ နယ် နယ်ခြားစောင့်စခန်းနှစ်ခုကို AA ဝင်တိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် ရေလမ်း၊ ကုန်းလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည်။ ယင်းနေ့တွင်ပင် နယ်ခြားစောင့်စခန်းနှင့် ရဲစခန်း ၄၀ နီးပါး စခန်းစွန့်ခွာသွားကြောင်း AA က ဆိုသည်။

 
နိုဝင်ဘာ ၁၆ – စစ်တွေနှင့်အနီးဆုံးဖြစ်သည့် ပေါက်တောမြို့ရှိ ရဲစခန်းကိုသိမ်းယူပြီး မြို့ကိုထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ကာ ပြန်လည်ထိန်းချုပ်ခဲ့သည်။ ယင်းနောက် မြို့ပေါ်တိုက်ပွဲများဆက်ဖြစ်သည်။  

 
ဒီဇင်ဘာ ၅ – သိမ်းယူထားသည့်စခန်းများကို ကာကွယ်ရန် စစ်သည်များလိုအပ်သဖြင့် လူငယ်များကို AA က ဖိတ်ခေါ်သည်။

 
ဒီဇင်ဘာ ၁၀ – စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသော ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းများ၊ နယ်ခြားစောင့်စခန်းများ စုစုပေါင်း ၁၄၂ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

 
ဒီဇင်ဘာ ၁၁ – တရုတ်အကူအညီဖြင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်တွင် တွေ့ဆုံဆွေးနွေးသည်။

 
ဒီဇင်ဘာ ၂၅ – မြောက်ဦးရှေးဟောင်းပြတိုက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်။
 

ဇန်နဝါရီ ၆ – ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းကြီးက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး လက်နက်ချသည်။ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင်တည်ရှိသည့် ဗျူဟာဖြစ်သည်။

 
ဇန်နဝါရီ ၁၁ – တရုတ်ကြားဝင် စေ့စပ်ညှိနှိုင်းမှုကြောင့် ရှမ်းမြောက်တွင် အပစ်ရပ်ရန် သဘောတူခဲ့ကြသည်။ သို့သော် ယင်းသဘောတူညီချက်တွင် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။ ယင်းနောက်ပိုင်း ရခိုင်တွင် တိုက်ပွဲပိုမိုပြင်းထန်လာသည်။

 
ဇန်နဝါရီ ၁၄ – အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ထိစပ်နေသည့် ပလက်ဝမြို့နယ်တစ်ခုလုံးကို AA သိမ်းယူထိန်းချုပ်လိုက်သည်။ AA က ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့နယ်လည်း ဖြစ်သည်။
 

ဇန်နဝါရီ ၁၆ – ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေသွား ကားလမ်းဘေးက ကန်စောက်တောင်အောက်တွင်ရှိသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် ၅၃၉ တစ်ခုလုံး လက်နက်ချသည်။

– Mytel တစ်ခုကလွဲပြီး ကျန်တဲ့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်။


ဇန်နဝါရီ ၁၉ – ပေါက်တောမြို့ကို AA က ပြန်လည်သိမ်းယူသည်။

 
ဖေဖော်ဝါရီ ၆ – မင်းပြားမြို့တွင် ကျန်ရှိသည့် ခမရ ၃၇၉၊ ခမရ ၅၄၁ က တပ်ဖွဲ့ဝင်များ လက်နက်ချပြီးနောက် မြို့ကို AA က သိမ်းယူထိန်းချုပ်လိုက်သည်။

– ဘင်္ဂလားဒေ့ရှ် နယ်စပ် တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်စခန်းကို သိမ်းယူခဲ့သည်။ တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းတိုက်ခိုက်ခံရရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးရာကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။

 
ဖေဖော်ဝါရီ ၇ / ၈ – ကျောက်တော်မြို့နယ်ထဲတွင် စစ်ကောင်စီ စစ်သင်္ဘောသုံးစင်းကို တိုက်ခိုက်နစ်မြှုပ်ခဲ့ပြီး ကယ်တင်ရန် လာသည့် နောက်ထပ် စစ်သင်္ဘော လေးစင်းကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်သည်။

 
ဖေဖော်ဝါရီ ၁၁ – စကခ (၉) လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကို သိမ်းယူကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား သုံးမြို့တို့ကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း AA ကြေညာသည်။
 

ဖေဖော်ဝါရီ ၁၂ – မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်း ထပ်မံတိုက်ခိုက်နစ်မြှုပ်ခံရသည်။
 

ဖေဖော်ဝါရီ ၁၃ – မင်းပြားမြို့နာယ်တွင် စစ်သင်္ဘောတစ်စင်းကို AA က သိမ်းယူခဲ့သည်။ ထို့ကြောင့် ခုနစ်ရက်အတွင်း စစ်သင်္ဘော ငါးစင်းအထိ တိုက်ခိုက်နစ်မြှုပ် သိမ်းယူခံခဲ့ရသည်။

 
ဖေဖော်ဝါရီ ၁၄ – တိုက်ပွဲကာလ သုံးလအတွင်း တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးတို့ကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး အသေဖမ်းမိကြောင်း AA ထုတ်ပြန်သည်။

 
ဖေဖော်ဝါရီ ၁၅ – မြေပုံမြိုကို သိမ်းယူထားပြီဖြစ်ကြောင်း AA ထုတ်ပြန်သည်။
 

ဖေဖော်ဝါရီ ၂၆ – မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း သိမ်းယူခံရသည်။

 
ဖေဖော်ဝါရီ ၂၇ – မင်းပြားမြို့နယ် မင်းဖူးဆေးရုံ လေကြောင်းဖြင့်ဗုံးကြဲခံရပြီး ဆေးရုံအဆောက်အအုံများ ပျက်စီးသလို ဆေးရုံ တက်ရောက်ကုသနေသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ အပြင်းအထန်ဒဏ်ရာရသည်ဟု AA ထုတ်ပြန်သည်။

 
ဖေဖော်ဝါရီ ၂၉ – စစ်ကောင်စီ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် စစ်တွေမြို့မစျေးတွင် ကျရောက်ပေါက်ကွဲသဖြင့် လူ ၁၂ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရသည်။

 
မတ် ၄ – ပုဏ္ဏားကျွန်းမြို့ကို သိမ်းယူသည်။ ပုဏ္ဏားကျွန်းမှာ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိပြီး စစ်တွေနှင့် မိုင် ၂၀ ကျော်သာ ဝေးသည်။

 
မတ် ၆ – ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့အနီးသို့ AA ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

 
မတ် ၁၁ – သုံးလနီးပါးကြာတိုက်ခိုက်ပြီးနောက် ရမ်းဗြဲမြို့ကို AA သိမ်းယူသည်။ ရခိုင်တောင်ပိုင်းတွင် ပထမဆုံးသိမ်းယူသည့် မြို့ဖြစ်သည်။ ရမ်းဗြဲမှာ ယခင်တိုက်ပွဲကာလများတွင် တိုက်ပွဲတစ်ကြိမ်မျှ မဖြစ်ဖူးသည့် မြို့ဖြစ်သည်။