စစ်ကောင်စီက ဆေးဝါးနှင့် ရိက္ခာသယ်ခွင့် ပိတ်ထားသောကြောင့် တနင်္သာရီဒေသခံများအခက်ကြုံ

0
1296
ပုံစာ - တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ။

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီက ဆေးဝါးနှင့်ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ပင် ထားသည့်အတွက် အခက်ကြုံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို ကုန်းလမ်းမှ ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီတပ်က စတင်ပိတ်ပင်ကန့်သတ်ခဲ့သည်။

ထိုသို့ သယ်ယူခွင့်ပိတ်လိုက်ပြီးနောက်ပိုင်း ပြန်လည်ခွင့်ပြု၊ ပြန်ပိတ်ခြင်းတို့ လုပ်ဆောင်ခဲ့သေးသော်လည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုံးဝ ကန့်သတ် ပိတ်ပင်လိုက်သည်။

စစ်ကောင်စီတပ်က ကုန်းလမ်းက ရိက္ခာသယ်ဆောင်မှုကို ကန့်သတ်ထားရာမှ ယခုနှစ် ဖေဖော်ဝါရီလတွင် ရေလမ်းကိုပါ ထပ်မံ ကန့်သတ်လာကြောင်း တကူကျေးရွာအုပ်စု သာရဘွင်ရွာသားတစ်ဦးက ပြောသည်။

“အခုက ဇဝဲလမ်းကိုလည်း ပိတ်ထားသလို မရင်းကြီးလမ်းမှာလည်း စကစက မိုင်းထောင်ပြီးပေး မဖြတ်တော့ ဘူး။ ကုန်းလမ်းတွေပိတ်လို့ ရေလမ်းကိုအသုံးပြုတာ ‌ရေလမ်းကို ထပ်ပိတ်တယ်။ ဖုန်းလိုင်းတွေကိုလည်း ဖြတ်ထားသေးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်လုံးဝကန့်သတ်ခံထားရသည့် တကူကျေးရွာအုပ်စုအတွင်း ကျေးရွာ တစ်ဆယ်ကျော် ရှိသည်။

ဆန်၊ ဆီစသည့် ရိက္ခာသယ်ဆောင်ခွင့်ပိတ်ထားသည့်အတွက် ကျေးရွာနေပြည်သူများအပြင် စစ်ဘေးရှောင်နေရသည့် ပြည်သူများလည်း စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း စစ်ရှောင်များကိုကူညီဆောင်ရွက် ပေးနေ သည့် နွေဦးမေတ္တာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဆေးဝါးသယ်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသည့်အတွက် ကျန်းမာရေးအခက်အခဲများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“ဆန်တစ်အိတ်ကိုတောင် မူရင်းစျေးထက် သုံးသောင်းလောက်အထိ ပိုပေးပြီးဝယ်နေရသလို ဆေးဝါးတွေဆိုလည်း လေးဆ လောက်အထိ တက်လာတာဆိုတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေလာရတာပေါ့” ဟု နွေဦးမေတ္တာအဖွဲ့ဝင်က ပြောဆိုသည်။

ထိုကဲ့သို့ ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ဆို့ခံထားရသည့်အခြေအနေတွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေသည့် အတွက် စစ်ဘေးရှောင်ကူညီနေသည့်အဖွဲ့များအနေဖြင့် တတ်စွမ်းသမျှကူညီပေးကြရန် စစ်ဘေးရှောင်များက ပြောဆိုကြသည်။