ရေး ချောင်းတောင်တံတားဂိတ် တိုက်ခိုက်ခံရ၊ အရပ်သားထိခိုက်မှုရှိ

0
677

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီ၏ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

တံတားတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။

“ဖြစ်တာက ဒီမနက် ၈ နာရီခွဲကျော်ကျော်လောက်မှာ ဖြစ်သွားတာ။ တံတားမှာ ဂိတ်ရှိတယ်။ အဲဒီဂိတ်ကို ဝင်ပစ်တာ။ အမျိုးသမီးတစ်ဦးက ပစ်နေတဲ့အချိန်နဲ့ ဆုံသွားတော့ ထိသွားတယ်။ ခြေထောက်မှာ ထိတယ်လို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ကျည်ထိမှန် ဒဏ်ရာရရှိသည့် အမျိုးသမီးသည် ချောင်းတောင်ကျေးရွာမှဖြစ်ပြီး ရေးမြို့ဘက်သို့အသွား တံတားဖြတ်ချိန်၊ တိုက်ခိုက်မှုနှင့် ဆုံသွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျည်ထိမှန် ဒဏ်ရာရသည့်အမျိုးသမီးကို ရေးဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

ရေးဘီလူးအဖွဲ့က စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများဖြစ်လာနိုင်သောကြောင့် ပြည်သူများ အသွားအလာ သတိပြုကြရန် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးအဖွင့်အနေဖြင့် ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ရေးဘီလူးအဖွဲ့အပါအဝင် ရေးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ဆင်ရေးအရှိန်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ကြောင်း နှစ်ဆန်းပိုင်းကကြေညာထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွားလာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန်လည်း တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းထားသည်။

တော်လှန်ရေးအင်အားစုဘက်က ထိုသို့ ထုတ်ပြန်ပြောဆိုလာပြီးနောက် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်စခန်းများကို ဆက်တိုက်ဝင်ရောက် တိုက်ခိုက်လာခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၀၆) ခြေလျင်တပ်ရင်းနှင့် ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းတို့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။