ထားဝယ်ဒေသရှိ အင်တာနက်ကန့်သတ်ခံထားရသည့်နေရာများတွင် တော်လှန်ရေးစာစဥ်များဖြန့်ဝေ

0
1059
ပုံစာ - တူမီးစာစဥ်ဖတ်နေသူတစ်ဦး။ ဓာတ်ပုံ - ဂိမှာန်

ထားဝယ်ခရိုင်အတွင်းရှိ အင်တာနက် ကန့်သတ်ခံထားရတာသည့် ဒေသများတွင် မတ်လမှစ၍ ဂိမှာန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီက တော်လှန်ရေးစာစဥ်များ အပတ်စဥ် စတင်ဖြန့်ချီပေးနေကြောင်း ယင်းကော်မတီထံက သိရသည်။

“သတင်းအချက်အလက်တွေ အဆက်အသွယ်မပြတ်ကြဖို့ ရည်ရွယ်ချက်နဲ့ အဓိကဖြန့်ဝေတာပါ” ဟု ယင်းကော်မတီ၏ တာဝန််ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာသို့ မကွေးနှင့် မုံရွာ ဒေသတွင် ထုတ်ဝေသည့် မြစ်ကွေ့စာစဥ်နှင့် တူမီးစာစဥ်တို့ကို စတင် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

နောက်ပိုင်းတွင် ထားဝယ်ဒေသက သတင်းများကို စုစည်း၍ အချပ်ပိုအဖြစ် ဖြန့်ဝေနိုင်ရန်စီစဥ်နေပြီး ကျေးရွာများ တိုးချဲ့ဖြန့်ဝေနိုင်ရန်လည်း စီစဥ်နေကြောင်း ယင်းကော်မတီထံက သိရသည်။

၎င်းအပြင် ရွေ့လျားစာကြည့်တိုက် ၄ ခုဖြင့် အသိပညာပေးလှုပ်ရှားမှုနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီထံမှ သိရသည်။

ယခု တော်လှန်ရေးစာစဥ်ဖြန့်ဝေနေသည့် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း ကျေးရွာ ဆယ့်ငါးရွာဝန်းကျင် အင်တာနက် ပုံမှန်မရရှိသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“အင်တာနက်က ရွာတွေမှာဆို လုံးဝမရဘူး။ သုံးချင်ရင် ဘုရားကုန်းတွေပေါ် သွားသုံးရတယ်။ အဲဒါတောင် အင်တာနက် ပုံမှန်မရဘူး။ အခုနှစ်ထဲမှာတောင် ထားဝယ်မှာဆိုရင် ဆယ်ရွာကျော်ကျော်လောက် အင်တာနက်မရဘူး ။ ရေဖြူမှာလည်း သုံးလေးရွာ မရဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောပြသည်။

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံနေရချိန်များတွင် တပ်ပေါင်းစု သပိတ်ကော်မတီ ထားဝယ်ကလည်း ဥဩစာစဥ်ထုတ်ဝေခဲ့ဖူးသည်။