ဘီးလင်းသံတံတားဂိတ်တွင် ဆိုင်ကယ်မရပ်ဟုဆိုကာ ပစ်ခတ်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
816

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သံတံတားစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မရပ်ပေးဟုဆိုကာ ပစ်ခတ်ခံရသဖြင့် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ်မှ ဘီးလင်းမြို့နယ်သို့ ဆိုင်ကယ်တစ်စီးတည်း အတူ စီးနင်းလာသည့် ဒေသခံလူငယ် သုံးဦးသည် မတ် ၁၁ ရက်နေ့ မွန်းလွဲ ၁နာရီကျော်တွင် သံတံတားဂိတ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်ခိုင်းသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက အသက် ၃၀ အရွယ် ဟာရှင်နှင့် အသက် ၂၇ နှစ်အရွယ် ဂျိုးသိန်းတို့ သေဆုံးပြီး အသက် ၃၀အရွယ် ကိုချစ်ကို ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသည့် ဟာရှင်နဲ့ ဂျိုးသိန်းတို့ကို မတ် ၁၂ ရက်နေ့တွင် တောင်စွန်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သံတံတားစစ်ရေးဂိတ်သည့် ငွေကြေး အတောင်းကြမ်းပြီး ဒေသခံများ ငွေကြေးမပေးနိုင်ပါက ဖမ်းဆီးမှုများ၊ ရိုတ်နှက်မှုများလည်း လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။