သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

0
670

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ ၁၀ ရက်နေ့ ည ၁၁နာရီခန့်က နေအိမ်တွင် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သူက (ဦးရွှေလှဦး) သူ့ အိမ်အောက်ထပ်မှာ ရှိနေတယ်။ သေနတ်သမားတွေက အိမ်ထဲဝင်လာပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးသည် ရင်ဘတ်နှင့် ဆီးခုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေအိမ်တွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးရွှေလှဦးသည် စစ်တပ်အာဏာမသိမ်းခင်က ကျေးရွာ NLD ပါတီ ဥက္ကဋ္ဌဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပါတီ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမရှိသလို အခြားသော အဖွဲ့အစည်းတို့နှင့် ပတ်သတ်ခြင်းလည်း မတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။

မတ်လ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် အမည်မသိသေနတ်သမားတို့က ဦးမင်းမင်းဆိုသူကို နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ရာ ၎င်းကို မထိဘဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူ ကျည်ထိမှန်သေဆုံးခဲ့သည်။

သထုံခရိုင်အတွင်းက သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုလည်း ရှိခဲ့သည်။

ယခုဖြစ်စဉ်ကဲ့သို့ လက်သည်မပေါ်ဘဲ အရပ်သား ပစ်ခတ်ခံရသည့်ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။