လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းဝရွာက ဒေသခံလေးဦးဒဏ်ရာရ

0
811

သရက်ချောင်းမြို့နယ် ဝင်းဝရွာစခန်းကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံး နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က‌ ပြောသည်။

မတ်လ ၉ ရက် ညနေပိုင်းတွင် ဝင်းဝစခန်းကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး တောင်အောက်ရှိ နေအိမ်ခြံဝန်းထဲ ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ရန် ပြင်ဆင်နေကြစဉ် နောက်ထပ် လက်နက်ကြီးကျည် တစ်လုံး နေအိမ်ခြံဝန်းထဲ ထပ်မံ ကျရောက်ပေါက်ကွဲရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“တချို့ကတော့ ဒဏ်ရာရတာ နည်းနည်းပါးပါးပဲ။ တစ်ယောက်ကတော့ နည်းနည်းများတယ်လို့ပြောတယ်။ ဝင်းဝစခန်းကို လူနာတင်ဖို့ကိစ္စ ကားခေါ်ဖို့ကိစ္စ သွားပြောနေတုန်း နောက်တစ်လုံးထပ်ကျလာတာ။ အဲဒီအမျိုးသမီးနဲ့ နောက်အမျိုးသား တစ်ဦးကတော့ အခုထိဆေးရုံတက်နေတုန်းလို့ကြားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကျန်အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ မပြင်းထန်သဖြင့် ရွာသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

မြိတ်-ထားဝယ်ကားလမ်းဘေးတွင် ယာဉ်အသွားအလာများကို စစ်ဆေးနေသည့် ဝင်းဝနယ်မြေရဲစခန်းရှိပြီး စခန်းအနီး တောင်ကုန်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စခန်းကုန်းက စစ်ကောင်စီတပ်သားများသည် ကျေးရွာများဘက်ကို နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် အနီးဝန်းကျင် ကျေးရွာတို့က ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရကြောင်း ၎င်းက ပြောသည်။

“အဲဒီစခန်းကုန်းပေါ်မှာနေတဲ့ စစ်ကောင်စီတပ်သားတွေပဲ ဟိုတလောက ရွာတွေကိုလှည့်လည်ပြီး စစ်ကြောင်းထိုးနေတာ။ တို့တွေလည်း ထွက်ပြေးနေရတာ အခုပြန်လာနေတာ တစ်လကျော်ပဲရှိသေးတယ်။ အခုလည်း အဲဒီစခန်းကုန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလျှောက်ပစ်နေလို့ မင်းဒပ်ရွာ (ဒေသခံ) တွေ တို့ရွာမှာ ညည လာလာအိပ်နေရတယ်” ဟု ဝဲရစ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မင်းဒပ်ရွာမှာ ဝင်းဝနှင့် ဝဲရစ်ရွာကြားတွင် ရှိသည့်ကျေးရွာဖြစ်သည်။ ဝဲရစ်ရွာသည်လည်း ဝင်းဝ စခန်းကုန်းနှင့် တစ်မိုင်ကျော်သာ ဝေးသည်ဟုဆိုသည်။

မတ်လ ၄ ရက်က ဝင်းဝစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။