ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

0
1127

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

လတ်တလောရရှိသည့် သတင်းများအရ မေတ္တာမြို့အနီးတဝိုက်နှင့် ပျဉ်းသားတော၊ သဗြုချောင်း စသည့် နေရာများ တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မနေ့ည ၁၂ နာရီကျော်လောက်မှာတော့ မေတ္တာဘက်က လက်နက်ကြီးသံတွေ ဆူဆူညံညံကြားရတာရှိတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သဗြုချောင်းရွာ၊ ပျဉ်းသားတောရွာနှင့် မေတ္တာဘက်နေထိုင်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် ဗုံးကြဲသည့် နေရာအတိအကျနှင့် ထိခိုက်မှုအခြေအနေတို့ကို မသိရသေးကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုဗုံးကြဲတဲ့နေရာက ပျဉ်းသားတောနဲ့ သဗြုချောင်းဘက်လို့တော့ ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိမရှိ၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့်ပက်သက်ပြီး KNLA တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁၂) ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေကို Dawei Watch က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်ကတည်းက နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၆ ရက်၊ မတ်လ ၄ ရက်၊ မတ်လ ၆ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။