ထိုင်းတွင် မြန်မာလုပ်သားငါးရာကျော် လုပ်အားခမရသဖြင့် အမှုဖွင့်တိုင်ကြား

0
693
ပုံစာ - လုပ်အားခ မရရှိသော မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ItaIian Thai DeveIopment Public Co.,Ltd တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀၀ ကျော်အတွက် လုပ်အားခ ဘတ် ၆ သန်းခန့်ကို အလုပ်ရှင်ဘက်က အချိန်မီ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် ယနေ့နေ့လယ်ပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော အလုပ်သမားများအပါအဝင် မြန်မာအလုပ်သမား ၅၀၀ နီးပါးသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပုံမှန်လုပ်ကိုင်နေရာမှ ပြီးခဲ့သော ဖေဖော်ဝါရီလအတွက် လုပ်အားခကို အလုပ်ရှင်ထံမှ အချိန်မီ ရရှိခဲ့ခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ခန့်ဖြင့် အားလုံးစုစုပေါင်း ဘတ် ၆ သန်းကျော်ကို အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်များက ယနေ့ မတ်လ ၇ ရက်နေ့အထိ တာဝန်ယူထုတ်ပေးခဲ့ခြင်းမရှိဘဲ ရွှေ့ဆိုင်းနေခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ အလုပ်သမားများနှင့်အတူ သွားရောက်တိုင်ကြားခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးသော WAG အဖွဲ့မှ ကိုမုန်တိုင်းက ဆိုသည်။

“အလုပ်သမားတွေက တနင်္ဂနွေနေ့တောင် မနားဘူး နှစ်ဆရမယ်ဆိုလို ဆင်းပေးထားတယ်။ ဒါကို အလုပ်သမားခေါင်းဆောင်တွေက ငွေပမဏများလို့ ဘဏ်ကနေ ပေးဖို့ အခက်အခဲဖြစ်နေတယ်ဆိုပြီး ပြောလာတယ်။ အကြောင်းပြချက် ပြတာပေါ့။ ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေ စစ်ဆေးနိုင်ဖို့ အလုပ်သမားတွေဘက်က သွားရောက်တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

အလုပ်သမားများ၏ လုပ်အားခများကို အမြန်ဆုံး ထုတ်ပေးရန်နှင့် အခြားအခွင့်အရေးများလည်း အပြည့်အဝ ရရှိရေး လုပ်ငန်းခွင်ထဲသို့ ကွင်းဆင်းစစ်ဆေးပေးရန် ရုံးကို ထပ်မံတောင်းဆိုထားကြောင်း ၎င်းကဆိုသည်။

သွားရောက်တိုင်ကြားချိန်တွင်လည်း မြန်မာအလုပ်သမားများကို ဆူပူသည်ဟုဆိုကာ ရဲခေါ်ခြိမ်းခြောက်မှုများ ရှိခဲ့သေးကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများသည် တရားဝင် အလုပ်သမားများဖြစ်ရာ လုပ်ရက် ၃ ရက်ထပ် ပိုမိုပျက်ကွက်ပါက အလုပ်မှ ထုတ်ပိုင်ခွင့်ရှိသဖြင့် အလုပ်မနားဘဲ အလုပ် ဆက်လက်လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးဆိုဒ်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၉ သိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားခဲ့သေးသည်။