ပုလောမြို့နယ် စပူပြင်ကျေးရွာတွင် တိုက်ပွဲဖြစ်

0
961

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ စပူပြင်ရွာ(၄ မိုင်)တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

မီးလောင်ချောင်းမှ စပူပြင်ရွာဘက်ကိုထွက်လာသည့် ပုလောမြို့နယ်အခြေစိုက် ခလရ (၂၈၅) တပ်ရင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့နံနက် ၇ နာရီကျော်ကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက မြေပြင်ရဲဘော်အချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်ကြာပြီး စစ်ကောင်စီတပ်ဘက်က နေ့လယ် ၁၁ နာရီကျော်အထိ လက်နက်ကြီးနှင့် ကျေးရွာများဘက်ကို တစ်ဖက်သတ်ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက မြိတ်-ထားဝယ်ကားလမ်း ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာ လမ်းပိုင်းတစ်လျှောက်ကို စစ်ဆေးမှု၊ နယ်မြေစိုးမိုးမှုများပြုလုပ်လာသဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်အချို့က ပြောသည်။

“ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတယ်ဆိုတာ သတင်းရပြီး သူတို့စစ်ကြောင်းထိုးလာတာ၊ အဲ့ဒီမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ၊ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး၊ သူတို့ဘက်ကတော့ လေးငါးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရထားတယ်” ဟု မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

တစ်မိုင်တောင်ရွာ ဘုရားကုန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ကူပေးခြင်းရှိသလို သင်္ကန်းမော်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးတဝိုက်ကို လက်နက်ကြီးနှင့် ပစ်ကူပေးသည်ဟု ၎င်းက ပြောသည်။

တစ်မိုင်တောင် ဘုရားကုန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများဘက်ကို လက်နက်ကြီးနှင့် ညစဉ် ပစ်ခတ်မှုရှိပြီး မတ်လ ၅ ရက်က ဒေသခံတစ်ဦး ကျောကုန်းတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သဖြင့် ပုလောမြို့နယ်ဆေးရုံကို ပို့ဆောင်ထားရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတို့ကြောင့် တောင်ယာကမ်းကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာတချို့က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။