ကျိုက်ထိုတွင် ညီဖြစ်သူကို ပစ်ခတ်ရာမှ လေဖြတ်နေသည့်အစ်ကိုဖြစ်သူ ကျည်ထိမှန်သေဆုံး

0
691

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် အမည်မသိသေနတ်သမားတို့က အမျိုးသားတစ်ဦးကို လာရောက် ပစ်ခတ်ရာတွင် အဆိုပါအမျိုးသားကို မထိဘဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူအား ကျည်ထိမှန် သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးမင်းမင်းကို အမည်မသိ သေနတ်သမားတို့က မတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က နေအိမ်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပစ်ခတ်မှုတွင် ဦးမင်းမင်းသည် ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သေနတ်ထိမှန်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်တွင် ရှိနေသည့် ဦးမင်းမင်း၏ အစ်ကို အသက် ၅၅ နှစ်အရွယ် ဦးသင်းအောင်ကို ကျည်ထိမှန်သွားကြောင်း ဒေသခံတို့က ပြောသည်။

ဦးသင်းအောင်တွင် ရင်ဘတ်၊ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း ဒေသခံတို့က ဆိုသည်။

“ဦးမင်းမင်းကို ပစ်တာ သေနတ်သမားတွေက။ သူက မထိဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်။ အဲဒီမှာ လေဖြတ် နေတဲ့ သူ့အစ်ကိုကို သွားထိတာ။ သူတို့ကို ဘယ်သူတွေက လာပစ်သွားလဲတော့ မသိဘူး” ဟု ကျိုက်ထိုဒေသခံ တစ်ဦးက ပြောသည်။

ဦးသင်းအောင်၏ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေးအဖွဲ့တို့က ကျိုက်ထို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။