လိုင်ဇာအနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများကို KIA တစ်ပြိုင်နက်တိုက်ခိုက်

0
893
ပုံစာ - KIA တပ်ဖွဲ့ဝင် အချို့ (ပုံဟောင်း)။ Photo - AP

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနအချို့သို့ ပြောဆိုထားသည်။

ယနေ့ မတ်လ ၇ရက် နံနက်အစောပိုင်းမှ စတင်ကာ တစ်ပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရှေ့တန်းစခန်းငယ်အချို့ကို သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုကြောင်း မြစ်ကြီးနားသတင်းဂျာနယ်၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စစ်ကောင်စီအထိုင်စခန်းများဖြစ်သည့် ခယာတောင် (Hkaya Bum) ၊ ဘွမ်ရဲတောင် (Bumre Bum) ၊ ဖွန်းပျန်တောင် (Hpun hpyen Bum) တို့ကို တိုက်ခိုက်နေကြောင်းလည်း သတင်းများက ဆိုသည်။

လိုင်ဇာသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသည့်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်ရှိ ဗျူဟာကျ သည့် စခန်းများကိုလည်း တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာအချို့တွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လိုင်ဇာမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကျရောက် ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ကျေးရွာတွင် ရှိသည့် အင်လုံခတံတားစောင့် ပြည်သူ့စစ်ဂိတ်စခန်းကို တိုက်ခိုက်ခံရပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်နေကြောင်းလည်း မြစ်ကြီးနားသတင်းဂျာနယ်၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။