လက်နက်ကြီးကျပြီးနောက် မောင်မယ်‌ရှောင်တစ်ရွာလုံးနီးပါးပြောင်းရွှေ့

0
1125

ရှင်းကိုးရှင်စားရင်ဝင် ရှင်ဓာတ်ဝဲဘုရားရှိသည့် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအတွင်းသို့ မတ်လ ၄ ရက်နေ့က လက်နက်ကြီးကျပြီးနောက် ဒေသခံများ ပြောင်းရွှေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

မတ်လပထမပတ်အတွင်း မောင်မယ်ရှောင်ရွာအနီး စစ်ရေးတင်းမာလာသည့်အတွက် ပြောင်းရွှေ့နေကြရခြင်းဖြစ်ကြောင်း ဒေသခံက အမျိုးသမီးတစ်ဦးက ဆိုသည်။

“တစ်ရွာလုံးနီးပြောင်းရွှေ့ကုန်ကြပြီ။ ပစ္စည်းတွေ ပြောင်းထားကြသူတွေနဲ့ မိသားစုအလိုက်ပြောင်းထားကြသူတွေ များတယ်” ဟု ၎င်းက ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက မောင်မယ်ရှောင် ရွာအတွင်းနှင့် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ နှစ်ဦး ဒဏ်ရာရရှိကာ သာသနိကအဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်။

ထို့နောက် ‌ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“အဲဒီနေ့က ကြောက်စရာတော်တော်ကောင်းတယ်။ လက်နက်ကြီးကျပြီးတာနဲ့ ပစ်နေကြတာ။ ‌လက်နက်ကြီးတွေရော စက်သေနတ်တွေရောပါပဲ” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲကြောင့် စစ်ကောင်စီတပ်က ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ ထားဝယ်မြို့အဝင်အိမ်ရှေ့ပြင် စစ်‌ ဆေးရေးဂိတ်ကို ၂နာရီခန့်အကြာ ပိတ်ဆို့ထားခဲ့ကြောင်း ဒေသခံခရီးသွားများထံမှသိရသည်။

မတ်လ ပထမပတ်အတွင်း မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ကာ ဒေသခံပြည်သူ လေးဦးအထိ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ သည်။

မောင်မယ်ရှောင်ရွာသည် ထားဝယ်မြို့မှ သုံးမိုင်ခန့်အကွာတွင်ရှိပြီး ရန်ကုန်-ထားဝယ် ပြည်ထောင်စု ကားလမ်းမပေါ် တွင် ရှိသည်။

ပြီးခဲ့သည့်လကစပြီး ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့စဉ်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို့ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားများလည်း ‌သေဆုံးဒဏ်ရာ ရရှိခဲ့သည်။