လုံခြုံရေးအခြေအနေကြောင့် ထားဝယ်တက္ကသိုလ်စာမေးပွဲ မြို့ထဲသို့ပြောင်းကျင်းပ

0
894

လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ထားဝယ်တက္ကသိုလ်စာမေးပွဲကို မြို့ထဲသို့ ပြောင်းရွှေ့ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။

မြို့ထဲရှိ အမှတ် (၃) အခြေခံပညာအထက်တန်း‌ကျောင်းသို့ ပြောင်းရွှေ့ကာ ဖြေဆိုနေခြင်းဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားအချို့နှင့် မြို့ခံအချို့က ပြောသည်။

ထားဝယ်တက္ကသိုလ်သည် ထားဝယ်မြို့အပြင်ဘက် လောင်းလုံး-ထားဝယ် ဆက်သွယ်ထားသည့် ကမြောကင်း တံတားစစ်ရေးဂိတ်နှင့် ဓာတ်မီးတိုင် ငါးခုခန့်အကွာတွင် တည်ရှိသည်။

“(စာမေးပွဲဖြေနေတဲ့) ကျောင်းနားမှာလည်း လုံခြုံရေးတွေ ချထားတယ်” ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးက ယနေ့ မတ်လ ၇ ရက် နံနက်ပိုင်းတွင် ပြောဆိုသည်။

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီး သွားပြီးနောက် ထားဝယ်တက္ကသိုလ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလိုက်သည်။

ထားဝယ်တက္ကသိုလ်ဝင်းအတွင်းရှိ အားကစားခန်းမတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားကြောင်း ကျောင်းသား အချို့က ပြောသည်။

အဆောင်နေ ကျောင်းသူ၊ ကျောင်းသားများကိုမူ မြို့ထဲရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဦးစီးဌာနရုံးအနီးရှိ ဝန်ထမ်းအိမ်ရာသို့ ‌ပြောင်းရွှေ့ပေးထားကြောင်း ဆိုသည်။

ဆရာ၊ ဆရာမတို့ကိုမူ တိုင်းလွှတ်တော်ရုံးဝင်း အတွင်းရှိ အဆောင်တို့တွင် သီးသန့်ထားရှိကြောင်း တက္ကသိုလ် ကျောင်းသားအချို့က ပြောဆိုသည်။

နတလရုံးအနီး ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ကျောင်းသားများကို ကားဖြင့်အကြိုအပို့ လုပ်ပေးကြောင်း ၎င်းတို့က ဆိုသည်။

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းသားများကိုလည်း မြို့ထဲရှိ ကွန်ပျူတာ တက္ကသိုလ်ထဲသို့ ပြောင်းရွှေ့ထားသည်။