မလေးရှားရောက် တရားမဝင် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ဟု သံရုံးထုတ်ပြန်

0
615
ပုံစာ - အော်ပရာစီအတွင်း ဖမ်းဆီးခံရသော နိုင်ငံခြားသား အလုပ်သမားများ (လဝက)

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲဖြစ်ပြီး နေရပ်ပြန်လိုပါက မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒဏ်ကြေးပေးဆောင်ပြီး နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။

တရားမဝင် မြန်မာနိုင်ငံသားများသည် မလေးရှားအစိုးရ၏ ဖြေလျှော့ကာလဖြစ်သော ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း လဝကရုံးများတွင် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ကို ပေးဆောင်၍ မြန်မာနိုင်ငံသို့ တရားဝင် လေကြောင်းခရီးဖြင့် နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် လေယာဉ်လက်မှတ်များ လိုအပ်မည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ပြီးနောက် ၁၄ ရက်အတွင်း နေရပ်ပြန်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာနိုင်ငံသားများသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ကို မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပြီး နိုင်ငံသားမှန်ကန်ပါက ထုတ်ပေးသွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ဖြေလျှော့ကာလအတွင်း မလေးရှားနိုင်ငံ၌ အခက်အခဲဖြစ်ပြီး လုံးဝနေထိုင်ရန်အဆင်မပြေတော့သော မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်မည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု နေရပ်ပြန်ကြမည်မဟုတ်သေးကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

“မင်းအောင်လှိုင်ကြောင့်သာမဟုတ်ရင် CI လျှောက်ပြီး အိမ်ပြန်လို့ရနေပြီ။ Permit လျှောက်တာလည်း မမှီလိုက်ဘူး။ O သမားမို့ မလေးမှာ အလုပ်လုပ်ရတာလည်း နောက်ကျောမလုံနေဘူး။ လုံးဝ အဆင်မပြေတော့ဘူး နေလို့ မရတော့ဘူးဆိုတဲ့သူတွေတော့ CI လုပ်ပြီး ပြန်လို့ရပြီပေါ့” ဟု ၎င်းက ဆိုသည်။

တရားမဝင် အလုပ်သမား များပြားလာမှုကြောင့် မလေးရှားအစိုးရဘက်က ဖြေလျှော့ပေးခြင်းဖြစ်ပြီး နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးကလည်း CI စာအုပ်ထုတ်ပေးခြင်းဖြစ်ကြောင်း မလေးရှားရောက် အကျိုးဆောင်တစ်ဦးက ပြောသည်။

“မလေးရှားက ဒီလို လမ်းကြောင်းက ပြန်ခိုင်းတာမျိုးက ရှားတယ်။ သံရုံးက CI စာအုပ်ထုတ်ပေးတာက အရင်ကလည်း ရှိခဲ့ဖူးတယ်။ အလုပ်သမားတွေ ထူထပ်ပြီး များပြားလာလို့ ထင်တာပဲ” ဟု အကျိုးဆောင်တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ်အထိ ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၂ သန်းကျော်ရှိပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများလည်း အရေအတွက်လည်း များလာနေခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရသိရသည်။