ကံပေါက်ဒေသခံ ဇနီးမောင်နှံ နှစ်ဦး အဖမ်းခံရ

0
1066
ပုံစာ - ကံပေါက်ကျောက်တိုင်လမ်းဆုံ

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ လှည်းကုန်းရပ်ကွက်မှ ဦးကိုနိုင်နှင့်ဒေါ်မေဒေးတို့ ဇနီးမောင်နှံ နှစ်ဦးကို မောရဝတီရေတပ်က ဖေဖော်ဝါရီလ ၂၈ ရက်ညက လာရောက်ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“ ညက လာခေါ်သွားတယ်။ တိုးတိုးတိတ်တိတ်ပဲ။ အိမ်နီးချင်းတွေတောင် မနက်မှသိရတယ်” ဟု အဖမ်းခံရသည့် ဇနီးမောင်နှံ ၏ အိမ်နီးချင်းတစ်ဦးကပြောသည်။

ဦးကိုနိုင်သည် ထိုင်းရေနံကုမ္ပဏီဖြစ်သည့် PTTEP International Limited (PTTEPI) ၏ ယာဥ်မောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါ်မေဒေးမှာ စျေးသည်တစ်ဦးဖြစ်သည်ဟု ၎င်းကဆက်ပြောပြသည်။

အဆိုပါအဖမ်းခံရသူနှစ်ဦးမှာ ဖေဖော်ဝါရီလ ၂၉ ရက်အထိပြန်လွတ်လာခြင်းမရှိသေးဘဲ၊ ၎င်းတို့အဖမ်းခံရသည့် အကြောင်းအရင်းအသေးစိတ်ကိုမူ မသိရသေးပေ။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက အဖမ်းခံထားရသည့် မထိုက်ထိုက်ဇင်မင်း ၊ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ သုံးဦးမှာ ဖေဖော်ဝါရီလ ၂၆ ရက်ညပိုင်းက ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံကသိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ မှ ယခုနှစ် ဖေဖော်ဝါရီလ အထိ ကံပေါက်ဒေသတွင် မောရဝတီ ရေတပ်က ဒေသခံ ၂၄ ဦးဖမ်းဆီးခဲ့ပြီး ၁၄ ဦးပြန်လွတ်လာ၍ ၁၀ ဦးဖမ်းဆီးခံထားရဆဲဖြစ်သည်။ ဖမ်းဆီးခံထားရဆဲ ဆယ်ဦးတွင် CDM ပညာရေးဝန်ထမ်း အမျိုးသမီး၄ဦးပါဝင်သည်။