မကွေးတွင် တိုက်လေယာဉ်တစ်စင်းပျက်ကျ

0
1163
ပုံစာ - ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပျက်ကျသည့် တိုက်လေယာဉ် အပိုင်းအစများ။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း

မကွေးတိုင်း စလင်းမြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်း ပျက်ကျကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်တွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နေပလယ် ၁၂နာရီကျော်တွင် ကြိုဝန်းရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ ပျက်ကျခြင်းဖြစ်ပြီး တိုက်လေယာဉ်မှူးနှစ်ဦးမှာ လေထီးဖြင့် ခုန်ထွက်သွားသည်ကို တွေ့ရကြောင်း ဆိုသည်။

လေယာဉ်ပျက်ကျပြီးနောက် မီးလောင်ပျက်စီးသွားသည့် ဓာတ်ပုံမှတ်တမ်းများကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ထားသည်။

တိုက်လေယာဉ်မည်သည့်အကြောင်းအရင်းကြောင့် ပျက်ကျသည်ကို မသိရသေးပေ။

ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ် လေးစင်း ပစ်ချခံခဲ့ရသည်။

ဇန်နဝါရီလက ကချင်နှင့် ရှမ်းမြောက်တွင် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်လေယာဉ် တစ်စင်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့သည်။ ကရင်ပြည်နယ် မြဝတီမြို့အနီးတွင်လည်း ရဟတ်ယာဉ်တစ်စင်းကို ကရင်တပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ပစ်ချခဲ့သေးသည်။

ပြီးခဲ့သည့်နှစ်ကလည်း တိုက်လေယာဉ်တစ်စင်းကို ကရင်နီတော်လှန်ရေးအဖွဲ့များက ပစ်ချခဲ့သည်။