စစ်တွေမြို့မစျေး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူ ၁၀ကျော်သေဆုံး

0
881
ပုံစာ - စစ်တွေမြို့မစျေး ကိုးရီးယားဆိပ်ကမ်းပျံကျစျေး (ပုံဟောင်း)။ Photo – Narinjara

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေးတွင် ယနေ့ နံနက်ပိုင်းက စျေးဝယ်သူများဖြင့် စည်ကားနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လူ ၁၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်နှင့် ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈နာရီခွဲတွင် စစ်ကောင်စီ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်တွေ မြို့မစျေး ကိုရီးယာဆိပ်ကမ်းပျံကျစျေးတန်းတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းတို့က ဖော်ပြသည်။

လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးသူ ၁၂ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူ ၃၁ ဦး ဆေးရုံတွင် ဆေးကုသမှုခံယူနေ ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်သည့် Narinjara သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်ကြောင်းလည်း ဒေသတွင်းသတင်းတို့က ရေးသားသည်။

လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးနောက် စျေးဝယ်သူများနှင့် စျေးသည်များ ထွက်ပြေးကြပြီး စျေးဆိုင်ခန်းများ မပိတ်ခဲ့ရသူများလည်းရှိကြောင်းလည်း ဆိုသည်။