နည်းပညာတက္ကသိုလ်က ဆရာသုံးဦးကို ဗထူးတပ် ဖမ်းခေါ်ပြီးနောက် ‌‌ကျောင်းပြောင်းဖွင့်

0
4706

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးသွား သည်။

ထို့နောက် ထားဝယ်မြို့အပြင်တွင်ရှိသည့် နည်းပညာတက္ကသိုလ်တွင် ကျောင်းသားများ ကျောင်းတက်ရောက်ခွင့်မပြုတော့ဘဲ ကျောင်းပြောင်းပေးထားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ထားဝယ်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ လာရောက်‌ ကျောင်းတက်သည်ကို မတွေ့ရကြောင်း အနီးနားရှိ ဒေသခံတို့ကဆိုသည်။

“ကျွန်တော်ကြားတာကတော့ ဒီကျောင်းကို လုံခြုံရေးအခြေအနေအရ ပြန်ဖွင့်လို့ မရနိုင်တော့ဘူးလို့ ပြောသံကြားတယ်” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်က ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲသို့ အရပ်ဝတ်လက်နက်ကိုင်အင်အား ၄၀ ခန့် ရောက်ရှိလာပြီး ကျောင်းအုပ်ကြီး ဒုပါမောက္ခချုပ် ဒေါက်တာဦးကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်န္ဒာလွင်၊ အင်္ဂလိပ်စာဌာနမှူး ‌ပါမောက္ခ‌ဒေါ်စုစုလတ်တို့ ကို ဖမ်းခေါ်သွားခြင်းဖြစ်သည်။

“PDF တွေ ကျောင်းထဲဝင်လာတဲ့အချိန်ဆို ဆရာကြီးတို့က အစည်းအဝေးလုပ်နေကြတာ။ အဲဒီအစည်းအဝေးခန်းထဲအထိ ဝင်လာပြီး ဖမ်းခေါ်သွားတာ” ဟု ‌နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးကဆိုသည်။

၎င်းတို့သုံးဦးအား ဗထူးတပ်မတော်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဗထူးတပ်မတော်၏ ပြောရေးဆိုခွင့်ကလည်း ဆရာ၊ ဆရာမသုံးဦးအား ၎င်းတို့တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်မှာ မှန်ကန်ကြောင်း Dawei Watch ကို အတည်ပြုပြောဆိုသည်။

စစ်‌ကောင်စီက ဖော်ဆောင်နေသည့် ပညာရေးစနစ်ကို အသက်သွင်း‌ အကောင်အထည်ဖော်ဆောင်နေသဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“အကြောင်းအရင်းကတော့ မြန်မာပြည်မှာရှိတဲ့ ကျောင်းသားနဲ့ လူထုတွေအကုန်လုံးက စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေတဲ့ အချိန်မှာ ဒီ Non CDM တွေပေါ့။ ဒီပညာရေးစနစ်ကို အသက်သွင်းနေတဲ့ ပုံစံရှိတဲ့အတွက် အဲဒီလိုမျိုးပုံစံဖြစ်သွားတာ” ဟု ဗထူးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြက်ကပြောဆိုသည်။

ဆရာ၊ ဆရာမသုံးဦးအား ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်သောကြောင့် မည်ကဲ့သို့ အရေးယူမည်ကို မသိသေးကြောင်း ၎င်းက ပြောသည်။

ထားဝယ်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့်ကျောင်းသားများကိုမူ လက်ရှိတွင် ထားဝယ်ကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွှေ့ပေးထားကြောင်း စုံစမ်းသိရသည်။

“အဆောင်နေတဲ့သူတွေကိုလည်း ကွန်ပျူတာတက္ကသိုလ်ကအဆောင်မှာပဲ ထားတယ်။ အတန်းလည်း ဒီမှာပဲ တက်ရမယ်လို့ ပြောတယ်” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။

ထားဝယ်ကွန်ပျူတာတက္ကသိုလ်မှာ ထားဝယ်မြို့ထဲတွင်ရှိပြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့်လည်းနီးသည်။

နည်းပညာတက္ကသိုလ်ရှိ စာရွက်စာတမ်းကဲ့သို့သော ပစ္စည်းများကို ‌ပြောင်းရွှေ့ရန်အတွက်မူ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးထားပြီး နေ့ချင်းပြီး ပြောင်းရွှေ့ရမည်ဟုဆိုသည်။

၂၀၂၃ ဇူလိုင်လကလည်း လောင်းလုံးမြို့နယ် တောရှည်ရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးအပါအဝင် ခုနစ်ဦးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖမ်းဆီးသည့် ဖြစ်စဉ် ဖြစ်ဖူးသည်။

ဗထူးတပ်မတော်ရှိ ခေါင်းဆောင်ပိုင်းတွင် ယင်းအချိန်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် ‌ခေါင်းဆောင်ပိုင်း တာဝန်ယူဖူးသူအချို့ ပါဝင်လျက်ရှိသည်။

ဗထူးတပ်မတော်သည် နည်းပညာတက္ကသိုလ်က ဆရာများကို ဖမ်းဆီးသည့်နေ့က အဆိုပါ‌တက္ကသိုလ်အနီးရှိ စစ်ကောင်စီဘုရာမဲဂိတ် အားလည်း စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။