ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်လေကြောင်းဗုံးကြဲ

0
1540

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဉ်ဖြင့် ‌ဗုံးဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က လာရောက် ဗုံးကြဲခဲ့သည့် Mi- 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့်ပင် ယနေ့ ဗုံးလာကြဲခြင်း ဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

“လေယာဉ်က ပျံလာပြီးတာနဲ့ အပေါ်မှာဝဲနေတာ တော်တော်ကြာသေးတယ်။ ပြီးမှတောတွေဘက်ကို ပထမဆုံး ၈ လုံးကြဲချတာ။ ပြီးမှနောက်ထပ် ၂ လုံးကြဲချတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့‌ မွန်းတည့် ၃ နာရီအထိ ကျောက်မဲတောင်ဘက်တွင် လေးကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်ဟုဆိုသည်။

ဒေသခံနှင့် ဖုန်းပြောနေစဉ်အတွင်းမှာပင် လေကြောင်းမှ နောက်တစ်ကြိမ်ဗုံးကြဲသည်ဟုယူဆရသည့် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုကို ဖုန်းထဲမှတစ်ဆင့်ကြားခဲ့ရသည်။

“ရဟတ်ယာဉ်က မနေ့တုန်းကထက် ပိုမြင့်တယ်။ ပျံနေတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ရဟတ်ယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်နေသည့်နေရာကို ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ယနေ့ ဗုံးကြဲတိုက်ခိုက်မှု အသေးစိတ်အခြေအနေအား ဆက်လက်စုံစမ်း မေးမြန်းနေဆဲဖြစ်သည်။