အထောက်အထားမဲ့ မြန်မာများပါလာသည့်ကား လမ်းဘေးကိုတိုက်မိပြီး ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ

0
1038

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လမ်းဘေးဆိုင်ခန်းကိုတိုက်မိခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချင်းမိုင်ခရိုင် ဟွတ်ဒေသရှိ စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးမခံဘဲ မောင်းနှင်ထွက်ပြေးလာသော ပစ်ကပ်ကားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် တံတားအကျော်တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးဆိုင်ကို ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ထိုင်းကားသမားနှင့် မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီး ၈ ဦးလိုက်ပါလာခဲ့ပြီး ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ကျန် ၆ ဦးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ဟုဆိုသည်။

မြန်မာအလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများ မတွေ့ရှိရဘဲ မယ်ဟောင်ဆောင်ဘက်သို့ ခိုးဝင်ရန် ကြိုးစားသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကားဝင်တိုက်ခဲ့သော လမ်းဘေးဆိုင်ထဲတွင် လူမရှိနေသဖြင့် ဆိုင်တွင် ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုကို ဘန်းလိုဝမ်ရဲစခန်းက စစ်ဆေးခဲ့ပြီး သက်သေများကို သိမ်းဆည်းကာ ကားသမားကို ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ နည်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလာနေကြသကဲ့သို့ ထိုင်းဘက်ခြမ်းကလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ချပြီးဖမ်းဆီးနေသည်။

Ref: CH 7, Khoasod Online, Thairath