ထားဝယ်အရှေ့တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ကား ၁၂စီးပျက်စီး၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

0
2606

ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းပို့ဆောင်ရေးကား ၁၂စီးကို တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) မှ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀နှင့် စစ်လက်နက်၊ ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ကား ၁၇ စီးပါသည့် ယာဉ်တန်းကို KNLAနှင့် PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA နှင့် PDF ပူးပေါင်းတပ်များ၊ ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်တွင် သင်္ကန်တုန်းရွာသို့ စစ်ကြောင်းဝင်လာချိန် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ဝကုန်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ကား ၅ စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးကြောင်း တပ်ရင်းမှူး စောမှူးဂေက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက် ညနေပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ထံက သေနတ် တစ်လက်ရရှိကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက် နံနက်တွင် ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်များဘက်က ရဲဘော် ခြောက်ဦး သေဆုံးထိခိုက်ဒဏ်ရာရပြီး သေနတ် ခုနစ်လက် ဆုံးရှုံးခဲ့ကြောင်း တပ်ရင်းမှူး စောမှူးဂေက ဆက်လက်ပြောဆို သည်။

ယင်းနေ့ ညနေပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးနိုင်ပြီး ရုပ်အလောင်းမူ ၂၃ လောင်း ရရှိထား ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်ကား ခုနစ်စီးနှင့် လက်နက် အကြီးအငယ် ၃၄ လက်သိမ်းဆည်းရရှိကြောင်းလည်း ၎င်းက ဆိုသည်။

“မနေ့ကလည်း ဖြစ်တဲ့ပုံစံက ဆိုးဆိုးရွားရွားဖြစ်တယ်။ သူတို့လည်းထိ ကျွန်တော်တို့လည်းထိတယ်။ မနေ့ကတော့ ကား ၇ စီး သိမ်းဆည်းရမိတယ်။ ၉ စီး တက်လာတာမှာ” ဟု တပ်ရင်းမှူးက ပြောဆိုသည်။

ထိုနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် စစ်ကောင်စီတပ်က Mi 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

“သူတို့ဘက်ခြမ်းမှာ သူ့လူတွေထိခိုက်ဒဏ်ရာရတာ ဆိုးဆိုးရွားရွားဖြစ်တာကြောင့် ဘယ်လိုမှ စစ်ကူကိုလူနဲ့ လိုက်လို့ မရတဲ့ အချိန်မှာ စိတ်တက်ကြွအောင် လေယာဉ်ပျံနဲ့ လာကြဲတာလို့ သိထားတယ်” တပ်ရင်းမှူး စောမှူးဂေက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများ ထိခိုက်မှုမရှိကြောင်း KNLA နှင့် PDF ပူးပေါင်း တပ်များထံမှ သိရသည်။