တောင်ပိုင်းတွင် ကျင့်သုံးလာသည့် စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး

0
5019

“PDF လက်ခံရင် ရွာဖျက်မယ်” ၊ “အကြမ်းဖက်ထောက်ပံ့အားပေးများ ကြည့်ထား။ နောက်တစ်ခါ တစ်ရွာလုံး ပြာကျမယ်”

ထားဝယ်ဒေသတခွင်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ပြီးချိန်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ကာ ဒေသခံများကို ခြိမ်းခြောက်ရေးသားခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ယင်းကျေးရွာများကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခြင်း ၊ ဒေသခံများကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်လေ့ရှိသည့်အပြင် ယင်းသို့ပါ ခြိမ်းခြောက်ရေးသားခြင်းများ လုပ်ဆောင်ကြခြင်းဖြစ်သည်။

ယင်းပြင် ထားဝယ်ဒေသအတွင်းတွင်လည်း စစ်ကြောင်းထိုးချိန် ဒေသခံနေအိမ်များတွင် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်စာများရေးသားပြီး ပြည်သူများကို စိတ်ဓာတ်စစ်ဆင်ရေး၊ တနည်းအားဖြင့် အကြောက်တရားသွင်းရေး လုပ်လေ့ရှိသည်။

ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေချိန်တွင်လည်း လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်လာစေရန် ဝါဒဖြန့်စာများ ရေးသားကာ ရန်ကုန်နှင့်မန္တလေးတို့တွင် ဖြန့်ဝေနေသည်။

ရခိုင်လူမျိုးများ၏ ဆိုင်များတွင် စျေးမဝယ်ရန်၊ ရခိုင်မုန့်တီကို မစားကြရန်၊ ရန်ကုန်၊ မန္တလေးရောက် ရခိုင်လူမျိုးများကို လက်တုံ့ပြန်ရန် စသည့်စာများ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် စစ်သင်္ဘောသုံးစင်း တိုက်ခိုက် နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားနှင့် မိသားဝင် ရာချီ သေဆုံးပြီး အသက်ရှင်သူများလည်း အသတ်ခံရသည်ဟုဆိုကာ ယင်းအပေါ် လက်တုံ့ပြန်ရန် ယင်းသို့ ဖြန့်ဝေနေကြခြင်း ဖြစ်သည်။

ယင်းသို့ပင် လွတ်လပ်သော သတင်းမီဒီယာများ၏ သတင်းများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် သို့မဟုတ် လက်ဝေခံများဟု ယူဆရသူများက အကောင့်တုများဖြင့် ဝါဒဖြန့်စာများ၊ အမုန်းစကားများကို ရေးသားကာ လှုံဆော်မှုများလုပ်ဆောင်လာနေသည်။

ယင်းအချက်များကို ကြည့်ပါက အာဏာသိမ်းကာလ ၃ နှစ်ပြည့်လာချိန် မြန်မာနိုင်ငံအနှံ့ မြို့ရွာများကို လက်လွှတ်လာရသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးအဖွဲ့များကို လူထုထောက်ခံမှု ကျလာစေရန်နှင့် လူမျိုးရေး ပဋိပက္ခများဖြစ်လာစေရန်အတွက် ဝါဒဖြန့်ချိရေးလက်နက်ကို ပိုမိုထုတ်သုံးလာသည့် သဘောဖြစ်သည်။

ဝါဒဖြန့်ချိရာတွင်လည်း လူမျိုးရေးအခြေပြုလှုံ့ဆော်ခြင်း၊ ဘာသာရေးအခြေပြုလှုံ့ဆော်ခြင်း၊ အကြမ်းဖက်နည်းဖြင့် လှုံ့ဆော်ခြင်း၊ အနုနည်းဖြင့် လှုံ့ဆော်ခြင်း စသဖြင့် နည်းလမ်းစုံသုံးလာကြောင်း တွေ့မြင်ရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်မူ လူမျိုးရေး၊ ဘာသာရေးအခြေပြုသည့် လှုံ့ဆော်ဝါဒဖြန့်ခြင်းမျိုးထက် အကြောက်တရားရိုက်သွင်းပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခြင်းနှင့် အနုနည်းဖြင့် သိမ်းသွင်းကာ ဝါဒဖြန့်ချိသည့်နည်းလမ်းကို အသုံးပြုလာကြသည်။

အကြမ်းနည်း ဝါဒဖြန့်ခြင်း

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်က ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် ကျေးရွာများရှိ နေအိမ်အချို့တွင် ဝါဒဖြန့်ခြိမ်းခြောက်စာရေးသားမှုများ ခပ်စိပ်စိပ်ရှိလာခဲ့သည်။

သရက်ချောင်း၊ ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ထိုကဲ့သို့ခြိမ်းခြောက်သည့်စာများ ရေးသားခဲ့ဖူးသလို လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင်လည်း ရေးသားထားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်တွင် စစ်ပြဲရွာရှိ နေအိမ်အချို့၏ တံခါးတွင် “PDF လက်ခံရင် ရွာဖျက်မယ်”ဆိုသည့် စာသားများကို မှုတ်ဆေးဖြင့် ရေးသားခဲ့သည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်နှင့် ပျူစောထီများကို ပစ်ခတ်တိုက်ခိုက်ပြီးချိန်တိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်လာလေ့ရှိပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ပစ်ခတ်ခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရလေ့ရှိသည်။

စစ်ကောင်စီတပ်ကလည်း ခြိမ်းခြောက်သည့်အတိုင်းပင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားသည့်ဖြစ်စဉ်က ပူပူနွေးနွေးပင်။
ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ထားဝယ်ဒေသ၏ နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေအနီးရှိ ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီး နေအိမ်တစ်ရာကျော်ကို မီးမြှိုက်ခဲ့သည်။

ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို မီးရှို့ပြီးမှ ရွာထဲရှိ နေအိမ်များကို မီးရှို့သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းကလည်း ညောပြင်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီးမီးရှို့ခဲ့ဖူးပြီး အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့သေးသည်။

ထို့အပြင် လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ညောပြင်ရွာအနီးအနားရှိ ကျေးရွာ ငါးရွာက နေအိမ်နှစ်ဆယ်ကျော်ကိုလည်း အလီလီ မီးရှို့ခဲ့သေးသည်။

ထားဝယ်ခရိုင်အဆင့် တော်လှန်ရေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန်တွင် စာရေးသားခြိမ်းခြောက်ခြင်းမှာ တော်လှန်ရေးအဖွဲများနှင့် ပြည်သူအကြား သွေးကွဲစေရန် လုပ်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုတွေကြောင့် တော်လှန်ရေးကို စိတ်ပျက်လာအောင်၊ စိတ်ဓာတ်ကျလာအောင် စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့လည်း ကျအောင်လုပ်တယ်လို့ ယူဆတယ်ဗျ”ဟု ၎င်းက ပြောသည်။

အနုနည်း ဝါဒဖြန့်ခြင်း

စစ်ကြောင်းထိုးရာ မြို့ရွာတစ်လျှောက်တွင် ဒေသခံများကို အကြမ်းနည်းဖြင့် ခြိမ်းခြောက်ပြီး စည်းရုံးဝါဒဖြန့်သည့် နည်းလမ်းအပြင် အနုနည်းကိုလည်း သုံးစွဲလာသည်။

“ကျွန်တော်တို့က လာချင်လို့လာတာမဟုတ်ဘူး။ PDF တွေရှိနေလို့သာ လာရတယ်။ ကျွန်တော်တို့လည်း အေးအေးဆေးဆေး နေချင်တာပေါ့”

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဒေသခံအချို့ကို ပြောဆိုစည်းရုံးလာသည့် စကားလုံးများပင်ဖြစ်သည်။

စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး ပြန်လွှတ်လိုက်သည့် လောင်းလုံးမြို့နယ်အတွင်း ပြည်သူအချို့ကိုလည်း
မုန့်ဖိုးများပင် ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ရေဖြူမြို့နယ်တွင်လည်း အလားတူ မုန့်ဖိုးပေးသည့်ဖြစ်ရပ်မျိုး ရှိခဲ့သည်။

ယင်းမှာစစ်ကောင်စီက နယ်မြေအေးချမ်းရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များကြောင့် မအေးချမ်းခြင်းဆိုသည့် သဘောမျိုး ပြည်သူများထင်မြင်လာစေရန် အနုနည်းဖြင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်။.

သတင်းတွေအောက်က မှတ်ချက်တွေ

စစ်ကောင်စီတပ်၏ အနုနည်းဖြင့်ဝါဒဖြန့်သည့် အခြားနည်းလမ်းတစ်ခုမှာ လွတ်လပ်သော မီဒီယာများ၏သတင်းများအောက်တွင် ဝါဒဖြန့်စကားများကို လိုက်လံရေးသားနေခြင်းဖြစ်သည်။

လွတ်လပ်ပြီးအမှီအခိုကင်းသည့် သတင်းဌာနများ၏ ဖေ့ဘုတ်ခ်စာမျက်နှာများရှိ သတင်းပို့စ်များ၏အောက်တွင် စစ်တပ်လိုလားသူများက စာဖတ်ပရိတ်သတ်ဝေဝါးသွားစေနိုင်မည့် မှတ်ချက်များကို အုံနှင့်ကျင်းနှင့် ရေးသားလာကြသည်။

တနင်္သာရီတိုင်းအခြေစိုက် သတင်းမီဒီယာများတွင်သာမက လွတ်လပ်သောသတင်းဌာန အတော်များများ၏ သတင်းများအောက်တွင် ယင်းသို့မှတ်ချက်များ လိုက်ပေးခြင်းဖြစ်သည်။

Delta News Agency (သတင်းဌာန) တည်ထောင်သူ ကိုစိုးရကလည်း ၎င်းတို့သတင်းဌာနတွင်ဖော်ပြသည့် နိုင်ငံရေးသတင်းများ၏ အောက်တွင် စာဖတ်ပရိတ်သတ်ဝေဝါးစေနိုင်သည့် မှတ်ချက်များကို ပိုမိုမြင်တွေ့လာရသည်ဟု ဆိုသည်။

ရှမ်းမြောက်တွင် ညီနောင်တိုင်းရင်းသားသုံးဖွဲ့က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ မှတ်ချက်ရေးသားမှုများ ပိုများလာသည်ကိုတွေ့ရသည်ဟု ဆိုသည်။

“တစ်ဦးတစ်ယောက်ချင်းစီအရ ပုဂ္ဂိုလ်ရေးအရ စစ်တပ်ကိုထောက်ခံတဲ့ စစ်တပ်မိသားစု မကင်းရာမကင်းကြောင်း တွေကလည်း လာပြီးတော့ ဝင်ရေးတာမျိုးရှိတယ်။အထူးသဖြင့်တော့ အုပ်စုဖွဲ့ပြီးတော့ စနစ်တကျလုပ်နေတဲ့ပုံစံတွေ ကိုတော့ ပိုပြီးတော့ များများတွေ့ရပါတယ်”ဟု ကိုစိုးရက ပြောသည်။

Delta News Agency အပြင် လွတ်လပ်ပြီးအမှီအခိုကင်းသည့် သတင်းဌာနများက တင်ဆက်သည့် သတင်းအားလုံး နီးပါး၏ အောက်တွင် သတင်းဖြစ်စဉ်ကို လမ်းလွဲသွားစေနိုင်မည့် မှတ်ချက်များကို စစ်ကောင်စီဘက်တော်သားများက ဝင်ရေးလေ့ရှိသည်။

သို့သော် တိုးတက်လာသည့် လူထု၏နိုင်ငံရေးရေချိန်နှင့် ခေတ်စနစ်ကြောင့် မီဒီယာစစ်မြေပြင်တွင်လည်း စစ်ကောင်စီက အလူးအလဲဖြစ်ကာ အရေးနိမ့်နေသည်ကို စာဖတ်သူအချင်းချင်း တုန့်ပြန်သည့် မှတ်ချက်များအရ သိနိုင်သည်။

“စာဖတ်ပရိသတ်အချင်းချင်းက ပြန်ပြီးတော့ အချင်းချင်းတုန့်ပြန်သွားတာ။သူတို့တွေဝေဝါးအောင်လုပ်တဲ့ ပို့စ် (Post) တွေအောက်မှာလည်း စာဖတ်ပရိသတ်တွေက ပြန်ပြီးတော့ အဖြစ်မှန်ကိုပြန်ရှင်းပြသွားတာတွေ အဲလိုမျိုးတွေ့ရပါတယ်”ဟု ကိုစိုးရက ဆိုသည်။

တရုတ်နိုင်ငံတွင်လည်း အစိုးရကောင်းကြောင်း မှတ်ချက်များနှင့် ဆောင်းပါးများကို တရုတ်ဆိုရှယ်မီဒီယာများပေါ်တွင် လော်ဘီလုပ်ပေးသည့် ပြား ၅၀ ပါတီဆိုသည့် အဖွဲ့တစ်ခုရှိခဲ့ကြောင်း အာဏာရှင်များ သုံးစွဲလေ့ရှိသည့် ဝါဒဖြန့်ချိရေးဗျူဟာများအကြောင်း လေ့လာသုတေသနပြုနေသည့် The Red Flag အဖွဲ့မှ သုတေသီ တီမို၏ ‘မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ’ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

50 Cent Party ဆိုသည့် ထိုအဖွဲ့မှာ ၂၀၀၄ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အဓိကရည်မှန်းချက်မှာ လူထု ကို အာရုံပြောင်းရန် နှင့် ဆွေးနွေးစကားလမ်းကြောင်း လွှဲရန် ဖြစ်သည်ဟု ဆိုသည်။

ယင်းအဖွဲ့က မှတ်ချက်တစ်ခုရေးလျှင် တရုတ်ငွေပြားငါးဆယ် (မြန်မာငွေ ၂၅၀ ကျပ်ဝန်းကျင်) ရပြီး ပြား ၅၀ ပါတီဝင်အများစုမှာလခစား အစိုးရဝန်ထမ်းများဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းတို့ကို တရုတ်အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနက သင်တန်းပေးခြင်းဖြစ်ကြောင်း The Red Flag အဖွဲ့၏သုတေသန စာတမ်းအရသိရသည်။

The Red Flag အဖွဲ့မှာ လူမှုကွန်ရက်ပလက်ဖောင်းများကို စောင့်ကြည့်ပြီး သတင်းတုသတင်းမှားနှင့် ပတ်သက်၍ အချက်အလက်စိစစ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အချက်အလက်စိစစ်နေသည့် ကမ္ဘာ့အဖွဲ့အစည်းအချို့နှင့်လည်း လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း လူထုကို အာရုံပြောင်းရန်နှင့် ၎င်းတို့ကျူးလွန်သည့် အကြမ်းဖက်မှုများကို ဖုံးကွယ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

နိုင်ငံရေးစိတ်ဝင်စားသည့် ထားဝယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း သတင်းဌာနများကတင်ဆက်သည့် သတင်းများအောက်တွင် စစ်ကောင်စီဘက်တော်သားများ၏ မဟုတ်မမှန်မှတ်ချက်ရေးသားမှု များလာသည်ကို သတိပြုမိလာသည်ဟု ဆိုသည်။

သို့ရာတွင် စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုများက မြေပြင်တွင် အမှန်တကယ်ဖြစ်နေပြီး ပြည်သူအားလုံးနီးပါးက သိရှိပြီး ဖြစ်သည့်အတွက် စစ်ကောင်စီ၏ ဝါဒဖြန့်မှုမှာ သဲထဲရေသွန်ဖြစ်နေကြောင်း အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

“သူ့(စကစ)မှာ ဒီလိုလုပ်ဖို့က လူအင်အားလည်း ရှိတယ်လေ။ သူတို့အဖွဲ့ကို ပြောလိုက်ရင်ရပြီလေ။ Comment (မှတ်ချက်) တွေလိုက်ရေးကြဆိုပြီး။ ဒါပေမယ့် လူတွေကတော့ အဲလောက်အထိ ခေါင်းနည်း(စဉ်းစားဉာဏ်နည်း)တဲ့ လူတွေ မဟုတ်တော့ဘူးလေ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး အလုပ်ဖြစ်လား

စစ်ကောင်စီ၏ ဝါဒမှိုင်းတိုက်မှုများနှင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းစဉ်များမှာ အထိုက်အလျောက် ယာယီသက်ရောက်မှုရှိသည့် သဘောကိုတွေ့ရသည်။

လောင်းလုံးမြို့နယ်တောင်းပိုင်းနေ မဝါလွင်က စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှိုင်းခံရပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်များကြောင့် ကျေးရွာနေပြည်သူများထိခိုက်နစ်နာသည်ဟု တွေးမြင်လာကြောင်း ပြောဆိုသည်။

မြန်မာ့စစ်အာဏာရှင်အဆက်ဆက်ကလည်း ၎င်းတို့ သက်ဆိုးရှည်စေမည့် ဝါဒဖြန့်နည်းနာပေါင်းစုံဖြင့် စိတ်ဓာတ်စစ်ဆင်ရေးကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့သည့် သာဓကများရှိခဲ့သည်။

မြန်မာစစ်တပ်သည် တိုင်းပြည်ပြိုကွဲမည့်အရေးမှကယ်တင်သူ၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ၊ မင်းမဲ့စရိုက်များ ကြောင့် မလွှဲရှာ မရှောင်သာ တိုင်းပြည် ထိန်းသိမ်းထားရသူ အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ဝါဒဖြန့်လေ့ရှိကြောင်း အာဏာရှင်များ သုံးစွဲလေ့ရှိသည့် ဝါဒဖြန့်ချိရေးဗျူဟာများအကြောင်း လေ့လာသုတေသနပြုနေသည့် The Red Flag အဖွဲ့မှ သုတေသီ တီမို၏ ‘မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ’ စာအုပ်တွင် ဖော်ပြထားသည်။

သို့သော် သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်သည့် အွန်လိုင်းခေတ်ဖြစ်ခြင်းနှင့် လူထု၏ နိုင်ငံရေးရေချိန်မြင့်မားနေသည့် အခင်းအကျင်းတွင် စစ်ကောင်စီ၏ဝါဒဖြန့်ချိရေးက ထင်သလောက် ခရီးမပေါက်ဖြစ်နေကြောင်း လေ့လာသူများကဆိုသည်။

“လူထုက ဒါမျိုးတွေ ရိုးသွားပါပြီ။ အရင်လို အင်တာနက် နည်းပညာခေတ်မဟုတ်တုန်းကသာ ပြည်သူကို သတင်းအချက်အလက် ပိတ်ချပြီး လိုသလို ဂျင်းထည့်လို့ရတာ။ အခု မရတော့ဘူး။ ခေတ်သစ်မှာ နည်းဟောင်းကြီးက နားမဝင်တော့ပါဘူး။ ပိုဆိုးတာက ဗြောင်လိမ်နေမှန်း လူတွေက သိလာပြီ”ဟု တီမိုက ဆိုသည်။

“တိုင်းပြည်တစ်ခုကို စီမံအုပ်ချုပ်ချင်တယ်ဆိုရင် ရိုးသားတဲ့၊ မှန်မှန်ကန်ကန်ထုတ်ပြောတဲ့ နည်းနဲ့ပဲ လူထုကို စည်းရုံးနိုင်မယ်။ ခဏတဖြုတ်မှာရနိုင်ပေမဲ့ ရေရှည်မရနိုင်ဘူး။ အာဏာရှင်တွေ ဒီနည်းနဲ့ ကျဆုံးတာပဲ။ သမိုင်းတစ်လျှောက် နာဇီ၊ ဖက်စစ် စနစ်တွေ ကြည့်နိုင်ပါတယ်”

ကာလတိုတစ်ခုတွင်တော့ စစ်ကောင်စီ၏ ဝါဒမှိုင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေးက အလုပ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

လောင်းလုံးတွင် စစ်ကောင်စီက ဝါဒမှိုင်းတိုက်ခံထားရသည့် ဒေသခံအချို့က ပြည်သူ့ကာကွယ်ရေးတပ်များကို အမြင်မကြည်လင်မှုများ ရှိလာကြကြောင်း မဝါလွင်က ဆိုသည်။

“သူတို့(PDF) ကြောင့် ရွာနာတယ်ဆိုပြီးပြောကြတယ်။ ရွာထဲလာလည်း လက်မခံချင်ကြဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဝါဒမှိုင်းကြောင့် ယင်းသို့ယူဆသွားကြသော်လည်း စစ်ကောင်စီတပ်၏ ဆိုးရွားသော လုပ်ရပ်များကို မျက်မြင်တွေ့နေရသူများအဖို့ ယင်းအယူအဆမှာ သိပ်မကြာခင်တွင် ပျက်ပြယ်သွားကြပြီး ရွာနာရင် နာပါစေ စစ်ကောင်စီကို အပြုတ်တိုက်ပေးပါဆိုသော စကားသံများ ထွက်လာကြသည်။

စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမဆန်သည့်လုပ်ရပ်များကို မျက်မြင်တွေ့လာရချိန်တွင်တော့ မဝါလွင်လည်း ယူဆချက်များ ပြန်လည်ပြောင်းလဲလာသည်။

မဝါလွင်နေထိုင်သည့် ကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို ပစ္စည်းများကိုလည်း လုယက်ယူဆောင်သွားခြင်းဖြစ်သည်။

လက်ရှိတွင်မူ စစ်ကောင်စီ၏ ဝါဒဖြန့်မှိုင်းမိခဲ့ဖူးသည့် ၎င်းကိုယ်တိုင်အပြင် ရွာနီးစပ်ချုပ်နေ ဒေသခံများလည်း အမြင်ပြောင်းလဲလာကြကြောင်း မဝါလွင်က ဆိုသည်။

“PDF တွေကို ထမင်းချက်ကျွေးဖို့ စပါးအလှူခံတာလည်း တစ်ရွာလုံးလှူပေးကြတယ်။ ကျွန်မတို့မှာသူတို့ပဲရှိတာ။ သူတို့ကိုပဲအားကိုးနေရတယ်။ သူတို့လုပ်တာတွေအားမရတာဘူး တစ်ခါတစ်လေဆိုလည်း။ သူတို့မှာလည်း ဘယ်လိုအခက်အခဲရှိမှန်းတော့ မသိဘူးပေါ့‌”ဟု မဝါလွင်က ပြောသည်။

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ဝါဒဖြန့်မှုက ထိရောက်မှုမရှိကြောင်းကို လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေး တပ်များ အားကောင်းစွာ လွှမ်းမိုးထားနိုင်မှုနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုများက သက်သေခံနေသည်။

“ဒီလိုဝါဒဖြန့်တာက မထိရောက်ဘူးလို့ ယူဆတယ်ပေါ့ဗျား။ ပြည်သူတွေက ဒီအပေါ်မှာ စစ်ကောင်စီကို ပိုပြီးတော့မုန်းတီးမယ်။ ပိုပြီးတော့ တော်လှန်ချင်စိတ်တွေဖြစ်လာအောင် ခွန်အားတစ်ခုဖြစ်လာတာပေါ့နော်”ဟု ထားဝယ်ခရိုင်အဆင့် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

လောင်းလုံးမြို့နယ်နေ မဝါလွင်ကလည်း လူထုအများစုက အော့နှလုံးနာနေသည့် စစ်ကောင်စီတပ်၏ ဝါဒဖြန့်ဗျူဟာမှာ လက်တွေ့တွင် အသုံးမဝင်တော့ဟု ဆိုသည်။

“သူတို့ပြောတာကို ဘယ်သူ့မှလည်းလက်ခံမှာမဟုတ်ဘူး။ သူတို့ရှေ့မှာတော့ ကြောက်လို့ ‘ဟုတ်ကဲ့’ ပြောချင်ပြောမှာ ပေါ့။ ပြန်ပြောရင်ပစ်သတ်မှာလေ။ သူတို့ပြန်သွားရင်တော့ ဆဲကြတာပေါ့အမျိုးမျိုး”ဟု မဝါလွင်က ပြောသည်။