ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1767

ယခုအပတ် ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် တက်လိုက်ကျလိုက်ဖြစ်ခဲ့သလို ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ် နည်းခဲ့သည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက် ပြန်တက်လာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးသည် ဈေးတန်းအမြင့်တွင်ပင် အတက်အကျဖြစ်နေပြီး တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အပြောင်းအလဲ ရှိခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ရှစ်သိန်းခြောက် သောင်း(၃၈၆၀၀၀၀) ဝန်းကျင်တွင်ပင် ဈေးကစားနေခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၉၈ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၁၅ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးလည်း တောက်လျောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်တက်လာသည်။
၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၇၅၅ ကျပ်မှ ၂၈၄၀ ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးကစားနေသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင် လည်း လက်ရှိနှုန်းထားအတိုင်းပင် ဈေးဖွင့်ထားနိုင်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းမှာ အကျဇုန်ကိုရောက်နေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၁၃ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၂၄ ဒေါ်လာပေါက်ဈေးရှိပြီး လတ်တလောအညွှန်းကိန်းများအရ အကျဘက်ရောက်နေခြင်းဖြစ်သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ် အများအပြားပြည်ပကို ထွက်ခွာကြခြင်းကြောင့် လုပ်သားအရင်းအမြစ်ရှားပါးလာခြင်း၊စီးပွားရေး၊ ကုန်သွယ်ရေး မတည်ငြိမ်ခြင်း စသည့် ဂယက်များ ကြီးကြီးမားမားရိုက်ခတ်နေသည့် ကာလလည်း ဖြစ်သည်။

ထိုကြောင့် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ အကျဘက်မရောက်နိုင်ကြောင်း သုံးသပ်ရသည်။

လူငယ်အများအပြားက ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေကြသည့် ကာလဖြစ်သည့်အတွက် ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာနိုင်သော်လည်း ကြီးမားသည့်အပြောင်းအလဲ မရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းက ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မည့်အရေးမှာ အစိုးမရသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဈေးတန်းအမြင့်တွင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။