တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2049

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

လူငယ်တွေကို စစ်ဘောင်ထဲသွတ်သွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ

ပုံစာ – စစ်ကောင်စီတပ် စစ်ရေးပြအခမ်းအနားတစ်ခု (ပုံဟောင်း)

လူငယ်တွေကို စစ်ဘောင်ထဲသွတ်သွင်းဖို့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံကိုလည်း အကျပ်အတည်းမျိုးစုံ ဆိုက်လာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်တဲ့လူငယ်တွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဒီဥပဒေဟာ အရင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ကနေ အနားမယူခင် ၂၀၁၀ မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာတည်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာလိုက်တာပါ။

ဒီလိုအသက်သွင်းပြီးနောက်မှာတော့ စိုးရိမ်ပြီး လူငယ်တွေ ပြည်ပသို့ အလုံးအရင်းနဲ့ထွက်ခွာတာ၊ စစ်မှုထမ်းရမယ့်အတူတူ စစ်ကောင်စီလက်အောက်မှာ မထမ်းဘဲ တော်လှန်ရေးတပ်တွေဆီမှာဘဲ ထမ်းမယ်ဆိုပြီး တပ်ဖွဲ့တွေထဲ ဝင်ရောက်မှုတွေ မြင့်တက်နေပါတယ်။ ပြည်တွင်းမှာ ဆက်လက်ရှိနေသူတွေလည်း စိုးရိမ်ထိတ်လန့်ပြီး​ နေထိုင်နေကြရတာပါ။

စစ်ကောင်စီက နိုင်ငံအနှံ့ စစ်မျက်နှာတွေ ဖွင့်ထားရပြီး တပ်ရင်း၊ တပ်စခန်းတွေ သိမ်းယူခံရတာ၊ မြို့တွေသိမ်းယူခံရတာတွေ ရှိနေပါတယ်။ စစ်ရေးအရ အရေးနိမ့်ပြီး စစ်အင်အားလျော့နည်းလာချိန်မှာ ဒီဥပဒေကို အသက်သွင်းပြီး တပ်သားသစ် စုဖို့ ကြိုးပမ်းလာတာလို့ ဝေဖန်မှုတွေလည်း ကျယ်လောင်နေပါတယ်။

စီးပွားရေအကျပ်အတည်းဆိုက်နေချိန်မှာ နိုင်ငံအတွက်အရေးပါတဲ့ လူငယ်အင်အားစုတွေ ထွက်ခွာသွားတဲ့အတွက် ကုန်ထုတ် စွမ်းအားပါ ထိုးကျသွားနိုင်တာကြောင့် နိုင်ငံအတွက် ဆိုးကျိုးရှိဖြစ်လာမယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါ့အပြင် စစ်မှု ထမ်းဖို့ အတင်းအကျပ်လုပ်လာရင် ပြည်သူတွေ စစ်ကောင်စီတပ်ကို ပိုနာကျည်းသွားနိုင်တယ်လို့လည်း သတိပေးကြပါတယ်။

အခြေခံလူတန်းစားတွေနဲ့ ကျေးလက်နေ ပြည်သူတွေ၊ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ ဒေသက လူငယ်တွေကို စစ်မှုထမ်းဖို့ ပစ်မှတ်ထားခံရနိုင်ပြီး လာဘ်စားမှုတွေ အကြီးအကျယ် ပေါ်လာနိုင်တယ်လို့ လူထု ဒဏ်ပိုခံရဖို့လည်း ရှိနေပါတယ်။ ပြည်ပရန်ကို ကာကွယ်ရဖို့ ရှိမနေဘဲ အခုလို လုပ်တာက ဥပဒေနဲ့ မညီဘူးလို့လည်း ထောက်ပြမှု​တွေ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ပွဲတွေမှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးချဖို့ လုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားပြီး သင်္ကြန်ကာလအလွန်မှာ စတင်မယ်လို့ ပြောဆိုထားပါတယ်။ အပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့ တစ်နှစ်ကို လူငါးသောင်းအထိ ခေါ်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေကိုပြန်ခေါ်မယ့် အရန်တပ်ဖွဲ့ဥပဒေကိုလည်း အသက်သွင်းထားပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ ၁၃သန်းကျော်ရှိပြီး အားလုံး စစ်မှုထမ်းရမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

……………………………………

စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်မှာ အဖမ်းအဆီးတွေရှိလာ

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက်မှာ တိုင်းဒေသကြီးတချို့မှာ အဖမ်းအဆီးတွေ ရှိလာပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးတာ၊ ခရီးသွားကားတွေမှာ ဖမ်းဆီးတာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်သွားတာလို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ကောလာဟလပဲ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီ၊ မန္တလေးတိုင်းထဲမှာ ပြည်သူတွေကို မဲနှိုင်ခေါ်ပြီး ပြည်သူ့စစ်သင်တန်းပေးနေတာတွေ ရှိနေတယ်လို့လည်း ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………

မြို့နယ်အဆင့် မြို့ခြောက်မြို့အထိ AA သိမ်းယူ၊ စစ်သင်္ဘောငါးစင်းကိုလည်းတိုက်ခိုက်နစ်မြှုပ်

ပုံစာ – မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို AA က သိမ်းယူထားစဉ်။

စစ်ဆင်ရေး သုံးလတာကာလအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်အဆင့်ရှိတဲ့ မြို့ခြောက်မြို့ကို AA က သိမ်းယူထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ AA က စတင် သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲက ပေါက်တောမြို့ကို သိမ်းယူခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒကစ ၉ လက်အောက်ခံ တပ်ရင်းတွေကို သိမ်းယူပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့တွေက ဆက်တိုက်သိမ်းယူခဲ့တာပါ။ အခုနောက်ဆုံး သိမ်းယူခဲ့တာကတော့ မြေပုံမြို့ဖြစ်တယ်။

AA သိမ်းယူထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတွေကနေ ဆက်လက်တိုက်ခိုက် နေတယ်လို့ AA က ဆိုပါတယ်။

ဖော်ဝါရီလ ၇ရက်နေ့ကနေ ၁၃ ရက်အထိ ခုနစ်ရက်အတွင်း ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေထဲက ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်သင်္ဘော ငါးစင်းကို AA က တိုက်ခိုက်နစ်မြှုပ်သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲကာလအတွင်း တပ်မမှူး တစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး သေဆုံးတယ်လို့ AA က ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေ လက်ဆက်ဖြစ်ပွားနေပါတယ်။ ပြည်နယ် မြို့တော် စစ်တွေက ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ တစ်ခုလုံး လက်နက်ချဖို့လည်း AA က သတိပေးထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

……………………………………

လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်တာတွေရှိလာ

နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေ အရေးနိမ့်နေချိန် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်တာတွေ ရှိလာပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၈ရက်က စစ်သင်္ဘောသုံးစင်း တိုက်ခိုက်နစ်မြှုပ်ခံခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်မိသားစုဝင် ရာနဲ့ချီသေဆုံးတဲ့အပြင် ကမ်းကို ရေကူးလွတ်မြောက်လာသူတွေပါ လိုက်လံသတ် ဖြတ်ခံရတာကြောင့် ရခိုင်လူမျိုးတွေကို လက်တုံ့ပြန်ကြဖို့ စစ်ကောင်စီထောက်ခံသူတွေက အင်တာနက်လူမှုကွန်ရက်မှာ စတင်ရေးသားလှုံ့ဆော်ခဲ့ ကြပါတယ်။

အဲဒီနောက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာပါ ရခိုင်လူမျိုးတွေရဲ့ ဆိုင်တွေမှာ စျေးမဝယ်ဖို့၊ ရခိုင်မုန့်တီကို မစားကြဖို့၊ ရန်ကုန်၊ မန္တလေးရောက် ရခိုင်လူမျိုးတွေ ထွက်ခွာသွားဖို့၊ လက်တုံ့ပြန်ကြဖို့ စတဲ့ လှုံ့ဆော်စာတွေ ဖြန့်ဝေခဲ့ကြပါတယ်။

အဲဒီလိုလှုံ့ဆော်မှုမြင့်တက်နေချိန်မှာ စစ်သင်္ဘောနစ်မြှုပ်တဲ့ ဖြစ်စဉ်က ရေးကူးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို မြစ်ထဲမှာ AA က လိုက်လံကယ်ဆယ်နေတဲ့ ဗီဒီယိုင်မှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။ ရေကူးပြီး လွတ်မြောက် လာတဲ့ စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ တပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိထားတယ်လို့ AA က ဆိုပါတယ်။

……………………………………

ရှားတောကို ကရင်နီတော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

ကရင်နီ (ကယား) ပြည်နယ် ရှားတောမြို့ကို တစ်လနီးပါးကြာ တိုက်ခိုက်ပြီးနောက်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူလိုက်ပါတယ်။

ရှားတောမြို့နဲ့ ပတ်ဝန်းကျင်မှာ အခိုင်အမာတပ်ချထားတဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေနဲ့ ဗျူဟာကုန်းတွေကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ KA၊ KNDF နဲ့ Loikaw PDF တွေ ပူးပေါင်းတိုက်ခိုက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သိမ်းယူခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop တွေ အသုံးပြုပြီး လေကြောင်း ပစ်ကူ အကြိမ်နှစ်ရာကျော် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း KNDF က ရဲဘော်သုံးဦးနဲ့ တခြားတပ်ဖွဲ့တွေက ရဲဘော်တချို့ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

……………………………………

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ စစ်ကောင်စီကိုတိုက်မယ်

ပုံစာ – မွန်ပြည်သစ်ပါတီ စစ်ရေးပြအခမ်းအနားတစ်ခု (ပုံဟောင်း)

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ဖွဲ့စည်းလိုက်တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ဟာ စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကြေညာပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပါတီရဲ့ညီလာခံမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို လက်မခံသူတွေက ခွဲထွက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

ဒီအဖွဲ့ကို ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်မှာဖြစ်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်တို့က ယင်းအဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

……………………………………

ကောလင်းမြို့ကို စစ်ကောင်စီပြန်ထိန်းချုပ်

ပုံစာ – ကောလင်းမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် မီးလောင်နေစဉ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က အပြင်းအထန် တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။

စစ်ကောင်စီတပ်က အင်အား ထောင်ဂဏန်းနဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့ကနေ စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းကနေလည်း အသည်းအသန် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ပြီး ၁၀ရက်ကျော်အကြာမှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်သွားပြီးနောက် မြို့ပေါ်မှာ မီးရှို့တာတွေ ရှိခဲ့တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်တော့ ခဏ နောက်ဆုတ်ပေးလိုက်ရတာလို့ ပြောဆိုထားကြပါတယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းကို ကချင်တပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၃ရက်နေ့မှာ NUG အုပ်ချုပ်ရေးစတင်ခဲ့ပါတယ်။

……………………………………