တနင်္သာရီ မြို့ဟောင်းရွာတွင် လူငယ်တစ်ဦး မိုင်းနင်မိပြီးသေဆုံး

0
1881

တနင်္သာရီမြို့နယ်၊ မြို့ဟောင်းရွာတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇နာရီခန့်က လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ကော့မပြင်ကျေးရွာအုပ်စုမှ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ကိုနေဇော်ဦး ဆိုသူဖြစ်ပြီး မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံ အလည်လာစဉ် လမ်းပိုင်းတွင် မိုင်းနင်းမိခြင်းကြောင်း ဒေသခံတို့က ဆိုသည်။

၃ဝ၆ အမြောက်တပ်၏ တောင်ဘက်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အဒေါ်ဆီ လာလည်ဖို့ တပ်အရှေ့က မဖြတ်ချင် တောင်ကုန်းဖြတ်လမ်းကလာတာ မိုင်း အနင်းခံလိုက်ရ (နင်းမိ) တယ်” ဟု မြို့ဟောင်းရွာအနီးရှိ မော်တုန်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါလူငယ်တွင် ကိုယ်လက်အင်္ဂါပြတ်ထွက်သည့် ဒဏ်ရာမရှိဘဲ မိုင်းစ ဘယ်ဘက်ခြေထောက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်သည့် ဒဏ်ရာဖြင့်သေဆုံးကြောင်း မျက်မြင်တွေ့သူများက ဆိုသည်။

မိုင်းနင်းမိပြီးနောက် လူအော်သံကြားသဖြင့် သွားရောက်ရှာဖွေခွင့်ပြုရန် အမတ ၃၀၆ စစ်ကောင်စီ တပ်ရင်းသို့ ရွာသားများ ဆက်သွယ်အကူအညီတောင်းခံရာ သွားရောက် မရှာဖွေကြရန် နှင့် အဆိုပါ မိုင်းကွင်း နေရာတွင် မီးအလင်းရောင်မြင်ရပါက ပစ်ခတ်ဟု ခြိမ်းခြောက်ကြောင်း ရွာသားများက ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အစောပိုင်းရောက်မှ အဆိုပါလူငယ်၏ မိသားစုဝင်များ၊ ရွာသားများနှင့် လူမှုကူညီ ကယ်ဆယ်ရေး အသင်းများသွားရောက်ရှာဖွေစဉ် မိုင်းနင်းမိသည့် တောင်ကုန်းအောက်ဘက်ရှိ လယ်ကွင်းပြင်တွင် ‌မောင်နေဇော်ဦးအား အသက်သေဆုံးလျက်ပြန်တွေ့ရကြောင်း သွားရောက်ရှာဖွေသူများထံက သိရသည်။

“သူက သူဟာသူပဲ တွားသွားပြီး ဆင်းလာတယ်ထင်တယ်။ လယ်ကွင်းပြင်မှာ လဲပြီး အသက်မရှိတော့ဘူး” ဟု သွားရောက်ရှာဖွေရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ကိုနေဇော်ဦး၏ ရုပ်အလောင်းကို ကော့မပြင်ရွာသို့ပြန်မသယ်ဘဲ မော်တုန်းအုပ်စုအတွင်းရှိ ကဒဲလိပ်သုသာန်တွင် သင်္ဂြိုဟ် ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အမှတ် ၃ဝ၆ အမြောက်တပ်ရင်း ပတ်ဝန်းကျင်အပြင် လူနေအိမ်နှင့် ဥယျာဉ်ခြံများအနီးနားအထိ မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် သွားလာရေးအခက်အခဲကြုံနေရပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မော်တုန်းအုပ်စုအတွင်းရှိ ရွာသားများက ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း ဦးဟာဂျီဆိုသူ အမှတ် ၃၀၆ အမြောက်တပ်၏ အနောက်ဘက်တွင် မိုင်းနင်းမိကာ သေဆုံးခဲ့သည်။

ယခုလအတွင်း သရက်ချောင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ဒဏ်ရာရသူ နှစ်ဦးနှင့် တနင်္သာရီမြို့နယ်တွင် မိုင်းနင်းမိပြီးသေဆုံးသူ နှစ် ဦး ရှိပြီဖြစ်သည်။