ကံပေါက်ဒေသခံအမျိုးသားလေးဦး ပြန်လွတ်လာ၊ အမျိုးသမီးငယ်တစ်ဦး အဖမ်းခံရ

0
1537

မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ အမျိုးသား လေးဦး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံကသိရသည်။

ပြန်လွတ်လာသူများမှာ ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်း၊ လှည်းကုန်းရပ်ကွက်က ကိုပိုင်ပိုင်၊ မိကျောင်းအိုင် ရပ်ကွက်က ကိုတိုးတိုးအောင်နှင့် ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်းတို့ဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။

“ကိုတိုး ပြန်လွတ်လာတာကတော့ ၃ ရက်လောက်ရှိပြီ။ ကျော်ဆက်လင်းနဲ့ တစ်ရက်တည်းပဲ။ ကိုပိုင်ပိုင်ကတော့ ၂ ရက်လောက်ရှိပြီ လွတ်လာတာ” ဟု ကံပေါက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အိမ်သို့ ပြန်ရောက်လာပြီး ကိုထွန်းပိုင်းတို့ ဇနီးမောာင်နှံမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖောင်းတောရွာသားတစ်ဦးက ဆိုသည်။

ယခု ပြန်လွတ်လာသူများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ၊ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း အဖမ်းခံထားရသူများဖြစ်သည်။

သို့သော် ဖေဖော်ဝါရီလ ပထမပတ်အတွင်း အဖမ်းခံထားရသည့် ဖောင်းတောရွာနှင့် အုန်းပင်ကွင်းရွာမှ ဒေသခံလေးဦးမှာ ပြန်မလွတ်လာသေးပေ။

မောရဝတီရေတပ် ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် ကံပေါက်ရွာတစ်ရွာတည်းတွင် ဒေသခံ ၁၁ ဦး အဖမ်းခံရပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိ စုံစမ်းသိရှိသည့်အချက်အလက်များအရ ဆယ်ဦးပြန်လွတ်လာကာ အမျိုးသမီးတစ်ဦး ဆက်လက် ဖမ်းဆီး စစ်ဆေးခံနေရဆဲ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု ၊ သဘွတ်ချောင်းရွာတွက် အသက်၁၈ နှစ်ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး အဖမ်းခံရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ အမျိုးသမီးငယ်၏ အသေးစိတ်အချက်အလက်နှင့် အဖမ်းခံရသည့်အကြောင်းအရင်းကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ကံပေါက်တိုက်နယ်ရှိ ကျေးရွာအုပ်စု လေးခုထက်မနည်းတွင် စစ်ကောင်စီက နေအိမ်များတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတို့က ဆိုသည်။