ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

0
26072

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊ ကလေးနှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့များ စစ်ဆေးရာ ဘိန်းစာရွက်ပြုတ်နေသော နေရာသည် သန့်ရှင်းမှုမရှိဘဲ နံရံ၊ ကြမ်းပြင်နှင့် ရေလှောင်ကန်များက ညစ်ပတ်ပေတေနေကြောင်း ဆိုသည်။

ထို့အပြင် အခန်းထဲတွင် ပိုးဟပ်များကိုပါ တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အခန်းထဲတွင် ပြုတ်ပီးသား ရောင်းချရန် အသင့်ဖြစ်နေသော ဘိန်းစာရွက်ပြုတ်ရည် ၅၄၃ ဘူး၊ ဘူးအလွတ် ၃၀၀၀၀ ကျော်နှင့် ဘိန်းစာရွက် ၃၀၅ ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

နောက်စက်ရုံထဲတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီးခဲ့ပြီး အလုပ်ရှင်သည် ထိုင်းတောင်ပိုင်း ခရိုင်တစ်ခုမှဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါမြန်မာအလုပ်သမားနှစ်ဦးကို ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချမှုဖြင့် အရေးယူထားပြီး ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိ နှင့် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀၀၀၀ အထိ ကျခံရနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများဝင် အလုပ်လုပ်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှုနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုများဖြင့်ပါ အရေးယူထားကြောင်း သတင်းများက ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းသည် တရားမဝင်သဖြင့် ရောင်းချသူများ ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်ရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။