တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1593

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

အင်ဒိုနီးရှားရွေးကောက်ပွဲ ဗိုလ်ချုပ်ဟောင်း အနိုင်ရကြောင်း ကြေညာ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲမှာပဲ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။

အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမှာသူ အနိုင်ရလိုက်တာဟာ အင်ဒိုနီးရှားပြည်သူတွေရဲ့ အောင်ပွဲလို့ ဆိုခဲ့ပါတယ်။

မဲရလဒ်ကို တရားဝင်မထုတ်ပြန်ရသေးပေမဲ့ သီးခြားလွတ်လပ်တဲ့ လူထုစစ်တမ်းတွေမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို Prabowo Subianto ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီ ခန့်မှန်းချက် မှန်မမှန် မဲ အားလုံး ရေအတွက်ပြီးတဲ့အချိန်အထိ စောင့်ဆိုင်းဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကိုတော့ လာမယ့် မတ်လ ၂၀ ရက်နေ့ တရားဝင် ကြေညာမှာဖြစ်ပါတယ်။

Ref: BBC

………………………………..

ပါကစ္စတန်ရွေးကောက်ပွဲ ဖမ်းဆီးခံ ဝန်ကြီးချုပ်ဟောင်း၏ မဟာမိတ် အများစုနိုင်

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲ မဲရေတွက်မှုတွေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြီးစီးခဲ့ပြီး အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့ မဟာမိတ်တွေက လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အများစုတော့ မရခဲ့ပါဘူး။

အောက်လွှတ်တော်ကိုယ်စားလှယ် ၂၆၆ နေရာအတွက် ယှဉ်ပြိုင်ရာမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ PTI ပါတီက အဆိုပြုခဲ့တဲ့ ကိုယ်စားလှယ်တွေက ၁၀၂ နေရာ အနိုင်ရခဲ့တာပါ။

ဒုတိယအများဆုံး အနိုင်ရခဲ့တာကတော့ နောက်ထပ် ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ Nawaz Sharif ဦးဆောင်တဲ့ PML-N ပါတီဖြစ်ပြီး ၇၅ နေရာအနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း Bilawal Bhutto Zardari ဦးဆောင်တဲ့ PPP ပါတီကတော့ ၅၄ နေရာနဲ့ တတိယအများဆုံး အနိုင်ရခဲ့ပါတယ်။

ရလဒ်ကို ရွေးကောက်ပွဲ ကျင်းပအပြီး ၃ ရက်အကြာမှာ ကော်မရှင်က မဲရလဒ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ဗြိတိန် ချားလ်စ်ဘုရင် တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲ တက်ရောက်

ဗြိတိန်နိုင်ငံရဲ့ တတိယမြောက်ချားလ်စ်ဘုရင်ဟာ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး ဘုရားကျောင်းက ထွက်လာတဲ့အခါ လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

ကင်ဆာကုသမှုယူလိုက်ပြီးနောက် ဘုရင်ချားလ်စ်နဲ့ ကြင်ယာတော် ကမ်မီလာတို့ဟာ လန်ဒန်နဲ့ မိုင် ၁၁၀ အကွာ အင်္ဂလန်အရှေ့ပိုင်းက ဆန်ဒရင်ဂမ် (Sandringham) စံအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။

နောက် အနီးက စိန့်မေရီ မက်ဂ်ဒလင်း ဘုရားကျောင်း (St. Mary Magdalene) ကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကင်ဆာရောဂါကို ဘာမင်ဂမ်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပြည်သူတွေ နောက်ဆုံးတွေ့မြင်ကြရကာ အခု ဘုရားကျောင်းမှာ ပြည်သူတွေက ထပ်မံမြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။

Ref: AP

………………………………..

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တနင်္ဂနွေနေ့တွင် ပြန်လွှတ်မည်

ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၆ လ အချုပ်ခံရပြီး ဖေဖောဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတော့မှာ ဖြစ်ပါတယ်။

ထိုင်းအကျဉ်းထောင်တွေထဲက အသက် အရွယ်ကြီးရင့်သူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ ၉၃၀ ကို ထောင်ဒဏ်လျော့ပေါ့တဲ့အနေနဲ့ လွတ်ငြိမ်းခွင့်ပြုမှာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့ပါတယ်။

ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရပေမဲ့လည်း သူ့ ထောင်ဒဏ်ကို တနှစ်ပဲ ကျခံဖို့ ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ပါတယ်။

သူဟာ အကျဉ်းထောင်ထဲ နာရီပိုင်းသာနေထိုင်ခဲ့ရပြီး ကျန်းမာရေးကြောင့် ရဲဆေးရုံမှာသာ နေထိုင်စေခဲ့ပါတယ်။

Ref: Thai PBS World

………………………………..

ပြည်ပနိုင်ငံများကို ဒေါ်လာ ၉၃ ဘီလီယံကျော် အကူအညီပေးရေးဥပဒေ ကန်အထက်လွှတ်တော် အတည်ပြု

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဒသမ ၃ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။

ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၂၉ မဲနဲ့ ဥပဒေကို အတည်ပြုလိုက်တာပါ။

အကူအညီပေးရေး ဥပဒေ မူကြမ်းထဲမှာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ၊ အစ္စရေးအတွက် ၁၄ ဘီလီယံနဲ့ ထိုင်ဝမ်ကျွန်းအပါအဝင် အင်ဒို-ပစိဖိတ်ဒေသနဲ့ တခြားနေရာတွေကို ကူညီဖို့အတွက် ၅ ဘီလီယံ ပါဝင်ပါတယ်။

ဒီမိုကရက် အများစုက ယူကရိန်းနဲ့ အစ္စရေးကို ကူညီပေးမယ့် အစီစဉ်ကို ထောက်ခံကြပေမဲ့ ရီပါဘလီကန်ပါတီထဲက ကန့်ကွက်မှု များခဲ့ပါတယ်။

Ref: CNN

………………………………..

အိန္ဒိယတွင် ဆန္ဒပြ လယ်သမားများ ဖြိုခွင်းခံရ

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီကို ဦးတည်ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး လူစုခွဲ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လယ်ထွန်စက်တွေ၊ ထရပ်ကားတွေနဲ့ လိုက်ပါလာတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ မြောက်ပိုင်း Haryana ပြည်နယ်အနီးမှာ ဆန္ဒပြနေခဲ့တာပါ။

ဒီလယ်သမားတွေက ၂၀၂၁ ခုနှစ်ကတည်းက နယူးဒေလီ ဆင်ခြေဖုံးဒေသတွေမှာ တနှစ်ကျော်ကြာ စခန်းချပြီး ဆက်တိုက် ဆန္ဒပြနေတဲ့သူတွေဖြစ်ပါတယ်။

သူတို့က ဝင်ငွေထိခိုက်နစ်နာစေတဲ့ စိုက်ပျိုးရေး ဥပဒေတွေကို ဖျက်သိမ်းပေးဖို့နဲ့ အစိုးရအာမခံ သီးနှံဈေးနှုန်း သတ်မှတ်ဖို့ တောင်းဆိုနေကြတာပါ။

အစိုးရက လူစုလူဝေးခွင့်တားမြစ်ထားသလို ရဲတပ်ဖွဲ့က မြို့တော် နယူးဒေလီဝင်ပေါက်တွေကို ကာရံပိတ်ဆို့ထားတဲ့ကြားက လယ်သမားတွေ အခုလို ဆန္ဒပြနေတာ ဖြစ်ပါတယ်။

Ref: AP

………………………………..

ဘန်ကောက် လေထုညစ်ညမ်းမှု စိုးရိမ်အဆင့်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုအခြေအနေက ယခုရက်ပိုင်းထဲ ကျန်းမာရေးထိခိုက်လောက်အောင် စိုးရိမ်ရတဲ့အဆင့်အထိ ရောက်နေပါတယ်။

ဖုန်မှုန့်တွေများတာကြောင့် မျက်လုံးတွေ ယားပြီး အသက်ရှူရတာ ခက်ခဲနေကြတာပါ။

ဘန်ကောက်မြို့ကောင်းကင်မှာ မြူတွေလို လေထုညစ်ညမ်းတဲ့ ဖုန်တွေ လွှမ်းနေပါတယ်။

ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေက တိုက်တွန်းထားပါသေးတယ်။

ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးနံပတ် ၈ နေရာမှာ ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ မြို့တစ်ခုမှာ ရှိရမယ့် လေထဲ ဖုန်မှုန့်ပါဝင်မှုထက် ၁၅ ဆ ပိုများနေတယ်လို့ ဆိုပါတယ်။

Ref: AP

………………………………..

ဂါဇာဆေးရုံကို အစ္စရေးတပ် စီးနင်းတိုက်ခိုက်

ဂါဇာ တောင်ပိုင်းက အဓိက ဆေးရုံတစ်ခုထဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဝင်ရောက် စီးနင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသူများရှိသလို အတော်များများ ဒဏ်ရာရခဲ့တဲ့တာပါ။

ခန်းယွန်းနစ် (Khan Younis) မြို့က နက်စ်စာ (Nasser) ဆေးရုံကို စစ်ဆင်ရေး လုပ်ခဲ့တာဖြစ်ပါတယ်။

ဆေးရုံထဲမှာ ဟာမတ်စ်အဖွဲ့က ဓားစားခံတစ်ချို့ ဖမ်းဆီးထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတယ်လို့ အစ္စရေးဘက်က ဆိုထားပါတယ်။

စစ်ဆင်ရေး မစခင် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး ရွှေ့ပြောင်းနိုင်အောင်လည်း ကယ်ဆယ်ရေး လမ်းကြောင်း ဖွင့်ထားတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

ဆေးရုံထဲမှာ ဆက်နေဖို့ မလုံခြုံတော့ဘူးဆိုတာကို ဆေးဝန်ထမ်းတွေက သတိပေးထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ချောင်းမြောင်းပစ်ခတ်လို့ လူတွေဘေးလွတ်ရာ ထွက်ခွာလို့မရဘူးလို့ ပါလက်စတိုင်းဘက်က ဆိုထားပါတယ်။

Ref: CNN

………………………………..

ပြင်သစ်-ယူကရိန်း လုံခြုံရေးသဘောတူညီချက် ချုပ်ဆိုမည်

ပါရီမြို့ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ရောက်နေချိန်မှာပဲ ပြင်သစ်နဲ့ယူကရိန်း နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို ချုပ်ဆိုမယ်လို့ ကြေညာခဲ့ပါတယ်။

သဘောတူညီချက် အသေးစိတ်ကိုတော့ ထုတ်မပြောသေးပါဘူး။

ယူကရိန်းသမ္မတခရီးစဉ်အတွင်းမှာ ပြင်သစ်အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ရေရှည် ထောက်ခံပံ့ပိုးမှု ဆက်လက်ပေးအပ်သွားမယ်လို့ သမ္မတ Macron ကကတိပေးခဲ့ပါတယ်။

နောက်တော့ ယူကရိန်းသမ္မတက ဂျာမနီကို ဆက်လက်ထွက်ခွါမှာ ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ Zelenskyy ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ မြူးနစ်မှာ ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံကို မတက်ရောက်ခင် ပြင်သစ်နဲ့ ဂျာမနီကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

Ref: AP

………………………………..

ကမ္ဘာ့အကြီးဆုံး စီးပွားရေးတိုးတက်နိုင်ငံများတွင် ဂျပန်က ဂျာမနီနောက်ရောက်လာ

ပြည်တွင်းစားသုံးမှု လျော့နည်းလာတာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းသွားခဲ့ပြီး ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးတိုးတက်တဲ့နိုင်ငံကနေ ဖယ်ပေးလိုက်ရပါတယ်။

၂၀၂၃ ခုနှစ် နောက်ဆုံး ၃လပတ်မှာ ပြည်တွင်းကုန်ထုတ်လုပ်မှု (GDP)က တစ်နှစ်တာအတိုင်းအတာနဲ့တွက်ရင် ဝ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။

ဒါကို ၂၀၂၃ ခုနှစ် တတိယ ၃ လပတ်က ၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ယှဉ်ရင် သိသိသာသာ လျော့နည်းသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာနဲ့ တွက်ချက်မယ်ဆိုရင် ဂျပန်နိုင်ငံဟာ ဂျာမနီရဲ့နောက် ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေး ဖြစ်သွားခဲ့ပါတယ်။

ဂျပန်နိုင်ငံက စွမ်းအင်လိုအပ်ချက် ၉၄ ရာခိုင်နှုန်းနဲ့ အစားအစာ ၆၃ ရာခိုင်နှုန်းအထိ ပြည်ပကနေ မှာယူတင်သွင်းရတာဖြစ်ပါတယ်။

နောက်ပိုင်း ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းချိန်မှာ လူနေမှုစရိတ်တွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

Ref: CNN

………………………………..