ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

0
1362

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၇ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တာခ့်ခရိုင် ဖို့ဖရာ့ဒေသရှိ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြပ်နေစဉ် ငှက်ပျောတောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသာ ၁၁ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၇ ဦးပါဝင်ကြပြီး အများစုသည် လူငယ်အရွယ်များ ဖြစ်ကြကြောင်း ဖော်ပြထားသည်။

၎င်းတို့အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဆိုသည်။

အားလုံးသည် ထိုင်းနယ်စပ်ထဲသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ဘန်ကောက်နှင့် အနီးတဝိုက် နေရာများတွင် အလုပ်လုပ်ရန် ဘတ် ၁၀၅၀၀ အကုန်ကျခံ၍ ဝင်ရောက်လာကြကြောင်း မြန်မာအလုပ်သမားများ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ကို ကိုးကားဖော်ပြသည်။

မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူရန် ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင် စန်ခရာဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို မြန်မာကားသမားနှင့်အတူ ဖမ်းဆီးရမိခဲ့သေးတယ်။

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီးသော လူငယ်များ စစ်မှုထမ်းရမည့်ဥပဒေကို အတည်ပြုလိုက်ပြီးနောက် ထိုင်းနိုင်ငံ အတွင်းသို့ လူအလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်သဖြင့် ထိုင်းနယ်စပ်ဒေသများတွင် လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: Matichon Online, naewna, Top News