မြေပုံမြို့ကို AA သိမ်းယူ၊ မြို့နယ်အဆင့်မြို့ ခြောက်မြို့အထိ သိမ်းယူထား

0
942

ရခိုင်ပြည်နယ် မြေပုံမြို့ကို ထပ်မံသိမ်းယူလိုက်ပြီး မြို့နယ်အဆင့်ရှိသည့်မြို့ ခြောက်မြို့ကို သိမ်းယူထားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

စစ်ဆင်ရေး သုံးလတာကာလအတွင်း မြို့နယ်အဆင့်မြို့များဖြစ်သည့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများကို AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြေပုံမြို့ကို မည်သည့်နေရက်က သိမ်းယူနိုင်ခဲ့သည်အပါအဝင် မြို့သိမ်းခဲ့သည့် အခြေအနေတို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မတွေ့ရပေ။

မြေပုံမြိုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များမှာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြို့ကို စွန့်ခွာသွားကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။

ရမ်းဗြဲမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ရသေ့တောင်မြို့နယ်တွင်လည်း တိုက်ပွဲများစတင်ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

မောင်တောမြို့နယ်တောင်ပိုင်း၊ အငူမော်-မောင်တောလမ်းရှိ စစ်ကောင်စီတပ်၏ နခခ (၄) လက်အောက်ခံ ဗောဓိကုန်း စခန်းကို AA က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။

AA သိမ်းယူထားသည့် ပလက်ဝမြို့အတွင်းသို့လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကျောက်ဖြူမြို့နယ် ပေါက်နက်ချေရွာက လှေသုံးစီးဖြင့် ငါးဖမ်းထွက်သည့် ဒေသခံ ကိုးဦးကို စစ်ကောင်စီ ဓညဝတီရေတပ် စခန်းဌာနချုပ်မှ နေဗီတစ်စီးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဖော်ပြသည်။