MoU မြန်မာလုပ်သားများ အလုပ်မရသည့်အပြင် ပွဲစားကအလုပ်ရှာဖွေခ ထပ်တောင်း

0
1368

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ တရားဝင် MoU မြန်မာအလုပ်သမားများသည် စတင်ဝင်ရောက်ပြီး တစ်လကျော်ကြာအထိ အလုပ်မရသည့်အပြင် အလုပ်ရှာဖွေရန်အတွက် ငွေကြေးများ ထပ်မံပေးဆောင်ထားရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG မြန်မာအလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၁ ဦးကို မြန်မာအေဂျင်စီ SMZ Employment Services Agency က ထိုင်းနိုင်ငံ ချွန်ဘူရီရှိ တာယာပေါင်းဆေးစက်ရုံတွင် လုပ်ကိုင်ရန် နှစ်နှစ်စာချုပ်အဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

MoU နှင့် လာရောက်ရန်အတွင် အေဂျင်စီကို ၂၈ သိန်းအထိ ပေးချေခဲ့ရပြီး အချိန် ၆ လကျော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးမှ ထိုင်းသို့ လာရောက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက်လာသောအခါ စာချုပ်ပါကုမ္ပဏီမဟုတ်ဘဲ နခွန်ပထုံ နေရာတစ်ခုရှိ ဟောခန်းအကျယ်ကြီးထဲသို့ အုပ်စုလိုက်ကြီး ပို့ဆောင်ခြင်းခံခဲ့ရကြောင်း အလုပ်သမားများထံက သိရသည်။

စတင်ဝင်လာချိန်တွင် ဟောခန်းအတွင်း အလုပ်သမား ၁၀၀ နီးပါးအထိရှိခဲ့ကာ နောက်ပိုင်းတွင် အခက်အခဲများကြောင့် အေဂျင်စီက နေရာခွဲပို့၊ အလုပ်သမားများကလည်း အသိများဆီ သွားကြသဖြင့် လူစုကွဲကုန်ကြောင်း သိရသည်။

ဇန်နဝါရီလ တတိယအပတ်တွင် ၎င်းတို့ မြန်မာအလုပ်သမား ၁၁ ဦးကို နခွန်ပထုံခရိုင် စီစဖန်ရှိ ငါးသေတ္တာစက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ အေဂျင်စီကိုယ်စားလှယ်က လာခေါ်ခဲ့ပြီး အလုပ်စမတ်ကြေး (အလုပ်ရှာဖွေခ) ဘတ် ၅၅၀၀၀ ကို ကောက်ခံခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော်လည် ယနေ့အချိန်အထိ အလုပ်မရသဖြင့် အလုပ်လျှောက်ထားခများ ပြန်တောင်းရာ အေဂျင်စီဘက်က ပြန်ပေးခဲ့ခြင်းမရှိကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“ငါးသေတ္တာရုံက စမတ်ကြေးမယူဘူး။ လာပို့ပေးတဲ့ မြန်မာက ကိုယ်စားလှယ်က စမတ်ခဆိုပြီး တောင်းသွားတာ။ အခန်းခလည်း စပေါ်ပေးရတယ်အကိုရယ်။ ကိုယ့်ဘာသာငှားရတယ်။ မနေ့ကတောင် အခန်းခ လစာပြည့်လို့ ပိုင်ရှင်လာတောင်းတာ တောင်းတောင်းပန်ပန်နဲ့ ရက်ရွှေ့ခိုင်းထားရတယ်။ စားဖို့က ရှိတဲ့ဟာတွေ မျှစားကြပေါ့။ အေဂျင်စီဘက်ကို ဆက်သွယ်တော့လည်း ပြန်ပြောပေးမယ်နော် ဆိုတာနဲ့ ပြီးသွားတယ်။ လာလည်း မကြည့်ပေးဘူး” ဟု အမျိုးသမီး အလုပ်သမားတစ်ဦးက ဆိုသည်။

ကိုယ်စားလှယ်သွင်းပေးခဲ့သော ငါးသေတ္တာစက်ရုံက MoU မြန်မာအလုပ်သမားများတွင် အလုပ်ထွက်စာမပါသဖြင့် အလုပ်လက်မခံခဲ့ပဲ အနီးရှိစက်ရုံများကပါ အလုပ်လျှောက်ထား၍ မရခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း အချိန် တစ်လကျော်ကြာ အလုပ်မရှိသေးသည့်အပြင် ကြားထဲ နေစရိတ် စားစရိတ် ကိုယ်တိုင်အိတ်စိုက်သုံးစွဲနေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့လာခဲ့ရကြောင်း အလုပ်သမားများထံမှ သိရသည်။

အေဂျင်စီကို ဆက်သွယ်ခဲ့သော်လည်း အကူအညီမရသဖြင့် မြန်မာအလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် ဖေဖော်ဝါရီလ ၉ ရက်နေ့က WAG အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“အလုပ်သမားတွေကို ထိုင်းထဲရောက်အောင်ပို့ပြီး ပစ်ထားခဲ့တာပေါ့။ မြန်မာဘက်ကို မေးတုန်းက ထိုင်းဘက်ကလုပ်တာ သူတို့မသိဘူးတဲ့ လွှဲချတာပေါ့၊ အေဂျင်စီဘက်က တာဝန်ယူပေးဖို့ မပြောသေးဘူး အခုထိပဲ၊ နောက်ဆုံး ရုံးတွေအထိ တိုင်ရတော့မှာပေါ့။ ဒီအေဂျင်စီပဲ ကြားဖူးသေးတယ် အလုပ်သမားတွေဆီက စမတ်ကြေး (အလုပ်ရှာခ) တောင်းတာ ပစ်စလက်ခတ်ထားတာ” ဟု ၎င်းကဆိုသည်။

အဖွဲ့ကတစ်ဆင့် ထိုင်းနှင့် မြန်မာအေဂျင်စီဘက်ကို ၃ ကြိမ်အထိ ဆက်သွယ်ခဲ့သော်လည်း တစ်ဦးနှင့် တစ်ဦး အချင်းချင်း တာဝန်လွှဲချနေကာ ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

MoU ဖြင့် တရားဝင် ဝင်ရောက်လာသော အလုပ်သမားများသည် ထိုင်းနိုင်ငံရောက်ရှိလာချိန်တွင် စာချုပ်ပါ ကုမ္ပဏီများတွင် အလုပ်မလုပ်ရဘဲ လမ်းဘေးရောက် ဒုက္ခပေါင်းစုံကြုံတွေ့နေရသည်ကိုလည်း တွေ့မြင်နေခဲ့ရကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ SMZ က ထိုင်းကိုယ်စားလှယ်ကို ဖုန်းဆက်မေးမြန်းခဲ့ရာ ဖြေကြားပိုင်ခွင့်မရှိကြောင်း ဖြေဆိုခဲ့သည်။

လက်ရှိတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော အလုပ်သမားများ ဒုက္ခရောက်မှု ပိုမိုများပြားလာနေပြီး ဆောက်လုပ်ရေးလုပ်ငန်းဖြင့် လာရောက်မည်ဆိုပါက အထူးသတိထားစေလိုကြောင်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။