စစ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရမှုတွင် တပ်မိသားစုဝင်များ သေဆုံးသည်ဆိုသည့်အပေါ် AA တုံ့ပြန်

0
7872
ပုံစာ - ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး တိုက်ခိုက်ခံခဲ့ရသည့် စစ်သင်္ဘောများကို တွေ့ရစဉ်။

စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစင်းကို တိုက်ခိုက်နစ်မြှုပ်ခဲ့ရာတွင် ရေးကူးပြီး အသက်ရှင်လွတ်မြောက်လာသူများကို ကယ်တင်ထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ် မိသားစုဝင်နှင့် ဝန်ထမ်း မိသားစုဝင် ရာနှင့်ချီသေဆုံးပြီး ရေကူးကာ လွတ်မြောက်သူများလည်း လိုက်လံသတ်ဖြတ်ခံရကြောင်း စစ်ကောင်စီတပ်ဘက် က တယ်လီဂရမ်ချန်နယ်တို့တွင် ဖော်ပြပြီးနောက် AA ဘက်က ယင်းသို့ တုံ့ပြန်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ရေကြောင်းတိုက်ပွဲ၌ စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်နိုင်ခဲ့သလို ယင်းသင်္ဘော သုံးစင်းကို ကယ်တင်ရန်လာသည့် နောက်ထပ်စစ်သင်္ဘောလေးစင်းကိုလည်း ထိခိုက်အောင်တိုက်ခိုက်ခဲ့ကြောင်း AA က ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ရာတွင် ဖော်ပြသည်။

စစ်သင်္ဘောသုံးစင်းစလုံး ချက်ကောင်းထိမှန်ပြီး နစ်မြုပ်ချိန်တွင် လက်နက်ချရန် ပြောဆိုသော်လည်း လက်နက်မချဘဲ တိုက်ခိုက်သည့်အပြင် လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု AA က ဆိုသည်။

အချိန်နာရီဝက် ထပ်မံစောင့်ဆိုင်းခဲ့သော်လည်း ဒရော့ဗုံးများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး AA ဘက်က ၁၀ ကျော် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိကြောင်း AA က ထုတ်ပြန်သည်။

လက်နက်ချလျှင် စစ်သင်္ဘောသုံးစင်းတွင် လိုက်ပါလာသူများ အသက်ရှင်နိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ယခုဖြစ်စဉ်တွင် ရေကူးပြီး အသက်ရှင်လွတ်မြောက်လာသူများကို ကယ်တင်ထားပြီး ယင်းသို့ ကယ်တင်ရာတွင် AA တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။

လူဦးရေမည်မျှ ကယ်တင်ထားသည်ကိုမူ သေသေချာချာ ဖော်ပြထားခြင်း မရှိပေ။

စစ်သင်္ဘောများကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၈ရက်နေ့က AA ဘက်က သတင်းထုတ်ပြန်ရာတွင် လက်နက် မချဘဲ စစ်သင်္ဘောမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းခဲ့ ကြောင်း ဖော်ပြခဲ့သည်။

စစ်သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ် မိသားစုဝင် ရာနှင့်ချီ သေဆုံးခဲ့သည်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီဘက်ကလည်း ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းအထိ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။