သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ညီကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး

0
2819

ထိုင်းနှင့် မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးချိန် လက်လွန်သေဆုံးသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေအချို့ထံမှ သိရသည်။

ဦးကျော်လွင်၏ ညီဖြစ်သူ အသက်၆၀ ဝန်းကျင်အရွယ်ရှိ ဦးနောင်ပိန် ခေါ် ဦးဌေးဝင်းကို စစ်ကောင်စီတပ်(စရဖ)က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ နေအိမ်၌ စစ်ဆေးရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း မိတ်ဆွေတစ်ဦးက ဆိုသည်။

ထိုနောက် ဦးနောင်ပိန်ကို စစ်ကောင်စီတပ်သားများက ရိုက်နှက်စစ်ဆေးစဉ် သေဆုံးသွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“ခေါ်ယူပြီး မေးမြန်းစစ်ဆေးဖို့ဆိုပြီးခေါ်သွားတာ။ ဆေးရုံဟောင်းဝင်းထဲက စရဖရုံးကို ခေါ်သွားတာ”ဟု အဆိုပါ မိတ်ဆွေက ဆိုသည်။

ယင်းနောက် ဦးနောင်ပိန်မှာ ဖမ်းဆီးထားသည့်အခန်းအတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချသတ်သေသွားသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ်တွင် မိသားစုကို အကြောင်းကြားလာကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။

“မိသားစုတွေက အလောင်းကို မတွေ့ရသေးဘူး”ဟု ၎င်းက ပြောသည်။

ဦးကျော်လွင်ကိစ္စဖြစ်ပြီးနောက် ကော့သောင်းမြို့ရှိ ဦးကျော်လွင်၏ညီအစ်ကို၊ ဆွေမျိုးများနှင့် မိတ်ဆွေအိမ်များကို စစ်ကောင်စီတပ်သားများက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ဦးကျော်လွင်နှင့် ဆက်စပ်သည့် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

နှစ်လုံးထီ ရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသည့် လုပ်ငန်းများတွင် ငွေကြေးခဝါချသည် ဆိုသော သံသယဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

‘ဆီကျော်လွင်’ ဟု လူသိများသည့် ဦးကျော်လွင်သည် လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းအပြင် ဆိပ်ခံဘောတံတားများလည်း ပိုင်ဆိုင်ကာ အသက် ၆၀ ကျော် အရွယ်ရှိသည်။

၎င်းသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပုံမှန်ထက်ရင်းနှီးသည့် ဆက်ဆံရေးရှိသူအဖြစ် နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ဦးကျော်လွင်နှင့် သက်ဆိုင်သူ ၁၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်း ထုတ်ထားသည်။

လက်ရှိတွင် ၇ ဦးကို ဖမ်းမိထားသော်လည်း ဦးကျော်လွင်အပါအဝင် အခြားသူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

ထိုနောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားသည့် ဦးကျော်လွင်ကို စစ်ကောင်စီ၏ ကော့သောင်းခရိုင်တရားရုံးကလည်း ဖမ်းဝရမ်းထပ်ထုတ်လိုက်သည်။

၎င်းသည် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ခြင်းနှင့် ယင်းလုပ်ငန်းမှရသည့် ငွေကြေး၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများလုပ်ခဲ့သည်ဟု သံသယဖြစ်သည့်အတွက် ဝရမ်းထုတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြခဲ့သည်။