စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံသည့်ပြည်သူ့များကို ကူညီမည်ဟု မြိတ်ခရိုင်အမှတ် (၂) တပ်ရင်းပြော

0
9010
Photo - မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံသည့် ပြည်သူ့များကို ကူညီမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

အဆိုပါဥပေဒကို လက်တွေ့ကျင့်သုံးလာပါက စစ်ကောင်စီတပ်ထဲတွင် တာဝန်မထမ်းဆောင်လိုသည့် ပြည်သူများနှင့် လွတ်မြောက်နယ်မြေတွင် ခိုလှုံရမည်ပြည်သူများကို လက်ခံသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ်၂တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောသည်။

“ဒါကိုတော့ ကျွန်တော်တို့ ကြိုတွေးထားပြီးသား။ ပြည်သူ့ကာကွယ်ရေးတပ်ဆိုတဲ့အတွက်ကြောင့် ပြည်သူအခက်အခဲကိုတော့ ကျွန်တော်တို့ ကူညီရမှာပဲလေ။ ပြည်သူတွေကိုလည်း တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူပေါင်းဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းတွင်လည်း ပြည်သူရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မဟုတ်ဘဲ လာရောက်ခိုလှုံလိုသူများကိုလည်း လက်ခံကူညီသွားမည်ဖြစ်ကြောင်း ရဲဘော်ကိုးက ဆိုသည်။

“မဖြစ်မနေ လာရောက်ခိုလှုံမယ့် ပြည်သူတွေကိုလည်း ကျွန်တော်တို့ ကူညီပါမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်တွင် တာဝန်ထမ်းမည်လော၊ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ထမ်းဆောင်မည်လော ရွေးချယ်ရမယ့် အချိန်ရောက်လာပြီဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၂) တပ်ရင်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

ပြည်သူရဲ‌ဘော်အဖြစ်တာဝန်ထမ်းဆောင်လိုပါက မြိတ်ခရိုင်အမှတ် (၂) တပ်ရင်း၏ Facebookမက်ဆင်ဂျာတွင် ဆက်သွယ်နိုင်‌ကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများအပေါ် ယင်းဥပဒေဖြင့် အတင်းအကြပ် ဖိအားပေးစစ်မှုထမ်းခိုင်းမည်ဆိုပါက PDF အဖွဲ့ ထဲသာ ဝင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီပြည်သူတွေ အိမ်ကိုပဲမီးရှို့၊ ဒီပြည်သူတွေကိုပဲ နှိပ်စက်၊ ဒီတပ်ထဲဝင်ဖို့ ဘယ်လိုစဉ်းစားမလဲ” ဟု ၎င်းဒေသခံက ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် နအဖ အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၀တွင် စတင်အာဏာတည်ကြောင်း လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် စစ်မှုထမ်းရမည်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် မှ ၃၅ နှစ်မကျော်သူ၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နအဖ အစိုးရသည် ဥပဒေအမှတ် ၂၇ ပြည်သူ့စစ်မှုထမ်းဥပဒေအပြင်၊ ဥပဒေအမှတ် ၂၈ အဖြစ် အရန်တပ်ဖွဲ့ ဥပဒေကိုလည်း တစ်ဆက်တည်းပြဋ္ဌာန်းခဲ့သည်။