လောင်းလုံးတွင် ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်း

0
2137

လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအချို့အား ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်းကြောင်း မြို့ခံအချို့က ပြောသည်။

Grade 1 မှ Grade 4 အထိ ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့အတွင်းအပြီး ဘာသာရပ်အားလုံးကို ဖြေဆိုခိုင်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

Grade 5 နှင့်အထက် ကျန်ကျောင်းသား၊ ကျောင်းသူများမှာ လောင်းလုံးအထက်တန်းကျောင်းတွင် စာမေးပွဲ မဖြေဆိုခိုင်းတော့ဘဲ ထားဝယ်မြို့သို့ ပြောင်းရွေ့ဖြေဆိုရမည်ဟု ဆိုသည်။

“ဘာဖြစ်လို့ ပြောင်းဖြေရလဲတော့ သေချာမသိဘူး။ လုံခြုံရေးအခြေအနေကြောင့်လို့ ပြောတဲ့သူလည်း ပြောတယ်။ တချို့ကလည်း အစိုးရစစ်မို့လို့ ထားဝယ်ပြောင်းဖြေခိုင်းတာလို့ ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ယနေ့ လောင်းလုံးအထက်တန်းကျောင်း၌ စာမေးပွဲဖြေဆိုသည့်နေ့တွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း မြို့ခံအချို့က ဆိုသည်။

“မနက်အစောကြီးရှိသေးတယ်။ စစ်ကား ၆ စီး ရောက်လာတာ။ အစကတော့ ဘာလို့ရောက်လာမှန်း မသိဘူး။ ပြီးမှ စာမေးပွဲဖြေနေလို့ လာစောင့်တာဆိုပြီး သိရတာ” ဟု အခြားမြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးအထက်တန်းကျောင်းရှေ့ဝင်ပေါက်တွင် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းအဖွဲ့က ဘန်ကာအခိုင်အမာဆောက်ကာ စစ်ဆေးရေးဂိတ်ချသည့်ကျောင်းဖြစ်ပြီး ခရီးသည်များထံတွင် ငွေတောင်းကြမ်းသည်ဟု နာမည်ဆိုးရှိသည့် စစ်ဆေးရေး ဂိတ်တစ်ခုလည်းဖြစ်သည်။

ဇန်နဝါရီလ ၃၀ ရက်က လောင်းလုံးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်တွင် ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

လတ်တလော အခြေအနေအရလည်း မြို့မှာ အချိန်မရွေးတိုက်ခိုက်ခံရမည့် အခြေအနေရှိသဖြင့် မြို့ခံအချို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယင်းအချိန်တွင် စာမေးပွဲကို တစ်ရက်အတွင်း ဖြေဆိုခိုင်းခြင်း၊ ကျောင်းပြောင်း ဖြေဆိုခိုင်းခြင်းကို လုပ်ဆောင်လာခြင်း ဖြစ်သည်။

“စာမေးပွဲပြီးအထိဆို လေးငါးဆယ်ရက်လောက်ကတော့ ထားဝယ်မှာ တက်နေရမှာ။ အဲဒီအတွက် နေဖို့၊ စားဖို့က လိုလာပြီလေ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်မှစပြီး အခြေခံပညာကျောင်းသားများကို စာမေးပွဲစစ်ဆေးမည်ဖြစ်သည်။

Grade 10 နှင့်အထက်ကျောင်းသား၊ ကျောင်းသူများမှာမူ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်ဖြေဆိုမည်ဖြစ်ကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။

‌တစ်ရက်အတွင်းစာမေးပွဲဖြေဆိုခိုင်းသည့်ကိစ္စအပါအဝင် ကျောင်းပြောင်းဖြေဆိုခိုင်းသည့်ကိစ္စမေးမြန်းရန် လောင်းလုံး အထက်တန်းကျောင်းတွင် တာဝန်ကျဆရာမတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန်ငြင်းဆိုခဲ့သည်။