ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကံပေါက်ရွာသားတစ်ဦး ထပ်မံဖမ်းဆီးခံရ

0
1492

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်းနှင့် ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်တို့နှစ်ဦး မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံက သိရသည်။

ဦးခင်မောင်သန်းကို ဖေဖော်ဝါရီလ ၁၀ ညတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုကျော်ဆက်လင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ဆိုသည်။

“ည ၁၂ နာရီလောက် အိမ်ကိုဝင်စစ်ပြီး ဦးရှုပ်ကို ခေါ်သွားတယ်။ ကျန်တာတော့ ဘာမှယူမသွားဘူး” ဟု မိသားစုဝင်တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူခဲ့သည့် ဦးရှုပ်၏ နေအိမ်သို့ စစ်ကောင်စီတပ်က နှစ်ကြိမ်ထက်မနည်း လာရောက်ရှာဖွေခဲ့ဖူးကြောင်း ရွာသားများက ဆိုသည်။

“ကျော်ဆက်လင်းကို မနက်တုန်းက လာခေါ်သွားတယ်။ ရေတပ်ကပဲ လာခေါ်သွားတယ်” ဟု ကိုကျော်ဆက်လင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

အဖမ်းမခံရမီ ရက်ပိုင်းအလိုကလည်း ကိုကျော်ဆက်လင်း၏နေအိမ်ကို မောရဝတီရေတပ်က လာရောက် စစ်ဆေးခဲ့သေးကြောင်း ၎င်းက ပြောဆိုသည်။

ဇာဒီကျေးရွာအုပ်စုတွင်လည်း ဖေဖော်ဝါရီလ ၁၀ ရက်ညက နေအိမ် နှစ်လုံး ဝင်ရောက်စစ်ဆေးခံခဲ့ရကြောင်း ဇာဒီရွာသားများက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်က အဖမ်းခံထားရသည့် ဖောင်းတောရွာနှင့် အုန်းပင်ကွင်းရွာက ဒေသခံလေးဦးလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ပထမပတ်ကစပြီး ကံပေါက်ဒေသအတွင်း နေအိမ်များကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံတို့က ဆိုသည်။