ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1033

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲအနည်းငယ်ဖြင့် ဈေးဖွင့်ခဲ့ပြီး အလှုပ်အခတ်နည်းခဲ့သည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက် ပြန်ကျလာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးသည် ဈေးတန်းအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ရှစ်သိန်းငါးသောင်း(၃,၈၅၀,၀၀၀)ဝန်းကျင်တွင်ပင် အတက်အကျနည်းနည်းဖြင့် ဈေးကစားနေခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၉၈ ကျပ်စွန်းစွန်း ဈေးဖွင့်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၂၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးလည်း တောက်လျောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်ကျသွားသည်။
၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၇၇၅ ကျပ်မှ ၂၈၃၅ ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးတန်းအမြင့်တွင် အတက်အကျနည်းခဲ့သည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင် ကျရိပ်ပြလာနိုင်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းမှာ အကျဘက်ကိုရောက်နေပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၂၄ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၄၀ ဒေါ်လာပေါက်ဈေးရှိပြီး ယခုအပတ်တွင် တောက်လျှောက် ကျလာခြင်းဖြစ်သည်။

သို့သော် နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ အကျ မကြမ်းနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း လက်ရှိငွေလဲနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဖြစ်ပြီး ကြီးမားသည့် ဈေးအပြောင်းအလဲ မရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းက ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မည့်အရေးမှာ အစိုးမရသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။