မြိတ်တွင် ရပ်/ကျေးထောက်ခံစာပါမှ လေယာဉ်လက်မှတ်ရောင်းမည်

0
1103

မြိတ်မြို့တွင် လေယာဉ်လက်မှတ် ဝယ်ယူမည်ဆိုပါက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း မြိုတ်မြို့ရှိ လေယာဉ်လက်မှတ် ရောင်းချသူများထံမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြိတ်လေဆိပ်တာဝန်ရှိသူက သက်ဆိုင်ရာလေကြောင်းလိုင်းများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် စာပို့အကြောင်းကြားခြင်းဖြစ်သည်ဟု လေကြောင်းလိုင်းများကဆိုသည်။

ထိုအကြောင်းကြားစာတွင် ဝန်ထမ်းမှအပ ပြည်သူများ လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါမှ ရောင်းချရမည်ဟုဖော်ပြထားသည်။

ယင်းအပြင် အွန်လိုင်းမှဝယ်ယူသူများအနေဖြင့်လည်း ထောက်ခံစာကို လေဆိပ်သို့ယူဆောင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။

သို့သော်အခြားပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွားပြည်သူများအနေဖြင့် မြိတ်မြို့သို့ လေကြောင်းခရီးဖြင့်လာပြီး လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာပါက ထောက်ခံစာမလိုအပ်ဘဲ အလာ boarding pass (လေယာဉ်ပေါ်တက်ခွင့်လက်မှတ်)ကို ပြသရန်သာ လိုအပ်ကြောင်းသိရသည်။

အထက်ပါညွန်ကြားချက်မှာ လောလောဆယ်တွင် မြိတ်မြို့တစ်မြို့တည်းသာဖြစ်‌ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ် ကိုယ်စားလှယ်ရောင်းချသူ အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ထားဝယ်မြို့နှင့် ကော့သောင်းမြို့များတွင်မူ လေယာဉ်လက်မှတ်‌ ရောင်းချရာတွင် ထောက်ခံစာ ပြသရောင်းချစေတာမျိုး ယနေ့အထိ ညွှန်ကြားခြင်းမရှိသေးကြောင်း ၎င်းတို့ကဆိုသည်။

ယခင်ကလေယာဉ်ဖြင့် ခရီးသွားမည်ဆိုပါက နိုင်ငံသားစီစစ်ရေးကပ်ပြားသာ မဖြစ်မနေ ပြသရန်လိုအပ်သည်။

ယင်းညွှန်ကြားစာနှင့် ပတ်သက်၍ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (မြိတ်) ကို Dawei Watch ကဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။