စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ အပြိုင်ပွဲကနေသည့် တနင်္သာရီ

0
8037

စစ်အာဏာသိမ်း ၃ နှစ်ပြည့်လာသည့်အချိန်တွင် တနင်္သာရီတိုင်းရှိ မြို့များတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက်အပြိုင်ပွဲကနေကြသည်။

စစ်ကောင်စီက ကော့သောင်း၊ မြိတ်၊ ထားဝယ် စသည့် ခရိုင်မြို့သုံးမြို့တွင် စတိတ်ရှိုးပွဲများကို ကျင်းပခွင့်ပေးထားသည့်အပြင် ကိုယ်တိုင်လည်းကျင်းပ‌ရန်စီစဉ်နေသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထားဝယ်မြို့၊ လောင်းလုံးမြို့တို့တွင် ပွဲကနေသည်။

စစ်ကောင်စီက တည်ငြိမ်အေးချမ်းနေပြီဆိုသည်ကို ပြသလိုသည့်အတွက် ပျော်ပွဲရွှင်ပွဲများ စီစဉ်ခြင်းဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်များကမူ စစ်အာဏာရှင် ပြုတ်ကျရေး ပွဲကနေကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အား စစ်ရေးဖော်ဆောင်တိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က “ပွဲကသည်” ဟု သုံးနှုန်းလေ့ရှိသည်။

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ရနောင်း(ထိုင်း)-ကော့သောင်း ချစ်ကြည်ရေး ခရီးသွားပွဲတော်အမည်တပ်ပြီး ပျော်ပွဲရွှင်ပွဲများကျင်းပရန်ရှိနေသည်။

ထိုပွဲတော်တွင် ယုန်လေး၊ ဂျင်မီ၊ ဒီဖြိုး စသည့်အဆိုတော်များပါဝင်သည့် စတိတ်ရှိုးပွဲတစ်ခုလည်း ထည့်သွင်းပြုလုပ်မည်ဖြစ်သည်။

အဆိုပါပွဲတော်အား ကော့သောင်းမြို့ ၃ မိုင်ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး စတိတ်စင်များ ဆောက်လုပ်နေကြောင်း မြို့ခံတစ်ဦးကဆိုသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးသွားပွဲတော်ဟုဆို‌သော်လည်း ထိုင်းနိုင်ငံ စီးပွားရေးသမားတို့က မြန်မာနိုင်ငံတွင် စီးပွားလာရှာခြင်းသာဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“မြန်မာဖက်က နယ်စပ်ကိုဖြတ်ပြီး ရနောင်းသွားလည်ပတ်မယ့်သူပဲများတယ်။ ထိုင်းကနေပြီး ကော့သောင်းက ကျွန်းတွေကို လည်ပတ်တာက မရှိသလောက်ပဲ။ ပြည်တွင်းကသူတောင် မလာချင်ကြတာ” ဟု ၎င်းကဆိုသည်။

ဒေသတွင်း မတည်ငြိမ်သည့်နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားခရီးသွားများ ပြည်တွင်းကျွန်း ခရီးစဉ်များ စိတ်ဝင်စားမှုလျော့ကျလာကြောင်း ၎င်းကဆိုသည်။

ပြည်တွင်းနေသူတို့မှာမူ လုံခြုံရေးအခြေအနေ၊ ခရီးစရိတ်အဆမတန်ကြီးမားခြင်း၊ လေယာဉ်လက်မှတ်ရရှိမှု ခက်ခဲခြင်းတို့ကြောင့် ကော့သောင်းကျွန်းခရီးစဉ် စိတ်ဝင်စားမှု နည်း‌ပါးကြောင်း ဒေသခံများထံမှ သိရသည်။

တစ်ဖက်က ကော့သောင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း ပြီးခဲ့သည့်ရက်ပိုင်းကမှ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အဖေဖြစ်သူတို့ကို ပစ်ခတ်ရှင်းလင်းထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ဆိပ်ဖူးရွာနှင့် မာရမ်းရွာကြားတွင် သတင်းရဲတပ်ဖွဲ့ မာရမ်းတပ်စွယ်မှူး တပ်ကြပ်နေစိုးဦးနှင့် ဖခင်ဖြစ်သူ ဦးစိုးတင့်တို့ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်ရှင်းလင်းသည့်နေရာနှင့် ခရီးသွားပွဲတော် ကျင်းပသည့်နေရာမှာ အတော်လှမ်း‌သေးသော်လည်း အာဏာသိမ်းသုံးနှစ်ပြည့်အနေနှင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကော့သောင်းမြို့နည်းတူ မြိတ်မြို့တွင်လည်း ပျော်ပွဲရွှင်ပွဲ ကျင်းပလျက်ရှိသည်။

မြိတ်မြို့ ကမ်းနားလမ်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇန်နဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ လေးရက်အကြာ စတိတ်ရှိုးပွဲပြုလုပ်ခဲ့သည်။

လပ်ကီးဒိုင်းမွန်း စိန်ဆိုင်၏ စိန်ထည်ဈေးရောင်းပွဲတော်အနေဖြင့် စတိတ်ရှိုးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး AnoniMus၊ သရုပ်ဆောင် ညီနန္ဒ၊ ဆုပန်ထွာ၊ MRTV သရုပ်ဆောင် ‌မေဦးတို့က ဖျော်ဖြေခဲ့ကြသည်။

“စည်တော့ တော်တော်စည်တယ်လို့ပြောတယ်။ ကမ်းနားလမ်းမှာဆို လမ်းတွေပါပိတ်တဲ့အထိ ဖြစ်သေးတယ်တဲ့” ဟုမြိတ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးကပြောကြားသည်။

အာဏာသိမ်း ၃ နှစ်ပြည့် အသံတိပ်သပိတ်နေ့ကမူ မြိတ်မြို့အများစု ပူးပေါင်းပါဝင်မှုရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ထားဝယ်မြို့တွင်လည်း စတိတ်ရှိုးပွဲတစ်ခု ရက်ပိုင်းအတွင်းကျင်းပရန်ရှိနေသည်။

‌ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့ ညပိုင်းတွင် ထားဝယ်မြို့ရှိ DDPC ဈေးဝယ်စင်တာတွင် ပြုလုပ်မည်ဖြစ်သည်။

စားသောက်ဆိုင်တစ်ခု၏ အရောင်းမြှင့်တင်ရေး ရှိုးပွဲအဖြစ်ကျင်းပမည့် အဆိုပါစတိတ်ရှိုးတွင် ဖြိုးကျော်ထိုက်၊ စောမိုးလေး၊ ပွင့်ပွင့်တို့ သီဆိုဖျော်ဖြေမည်ဖြစ်သည်။

စစ်ကောင်စီက ထိုကဲ့သို့ မြို့ကြီးများတွင် စတိတ်ရှိုးပွဲများကို ကျင်းပခွင့်ပေးနေသည့်အပြင် ကိုယ်တိုင်လည်းကျင်းပနေချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း မြို့ပြတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ဇန်နဝါရီလ ၃၀ ရက်က လောင်းလုံးမြို့ပေါ်တွင် မြို့ပြတိုက်ပွဲဖော်ဆောင်ခဲ့ပြီး ‌နောက်တစ်ရက်တွင် မောင်းမကန်ရဲစခန်းကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြန်သည်။

တစ်ရက်ခြားပြီးနောက် စစ်တပ်အာဏာသိမ်း ၃ နှစ်တိတိပြည့်‌သည့်နေ့ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီကင်းလှည့်ယာဉ်တန်းကို ပြည့်သူ့ကာကွယ်ရေး အဖွဲ့တို့က တိုက်ခိုက်ခဲ့ပြန်သည်။

စောမိညိုနှင့် ဘုမ္မော်ရပ်ကွက်ကြားတွင်ဖြစ်ပွားခဲ့သည့် ထိုမြို့ပြတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး သေဆုံးသူ များပြားခဲ့ကြောင်း မြို့ခံတို့ကဆိုသည်။

ယခင်က ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်မှုများမကြာခဏဖြစ်ပွားခဲ့ဖူးသော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က မြို့ပြပြောက်ကျားတပ်ဖွဲ့ မြို့ပေါ်မှဆုတ်ခွာသွားရပြီးနောက်ပိုင်း ထားဝယ်တွင် မြို့တွင်းပစ်ခတ်မှုများ သိသိသာသာ လျော့ပါးသွားခဲ့သည်။

မြို့အပြင်မှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်ခြင်းများ၊ ကြိုကြားကြိုကြား တိုက်ခိုက်ခြင်းများ၊ မြို့အဝင်ဂိတ်အနီးရှိ စစ်ကောင်စီတပ်သားများအား ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းများသာ ရှိခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါး ရှိလာချိန် ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းခန့်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်မြို့တွင် တိုက်ပွဲဖော်ဆောင်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ထားဝယ်မြို့ပေါ်တွင် ညပိုင်းပစ်ခတ်မှုမှာ တစ်နှစ်နီးပါးကာလအတွင်း အပြင်းထန်ဆုံး မြို့ပြတိုက်ပွဲတစ်ခုဟုဆိုနိုင်သည်။

ယင်းသို့ပင် ထားဝယ်မြို့နယ် ဘန်းချောင်းဒေသရှိ ကျောက်ထုစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံထားရသည်မှာ ဇန်နဝါရီလကုန်ပိုင်း လောလောလတ်လတ်ပင်ရှိသေးသည်။

ယင်းအပြင် ထားဝယ်မြို့မှ ၁၅ မိုင်ခန့်အကွာ သရက်ချောင်းမြို့နယ်ရှိ စော်ဖျားရွာရှိ စခန်းကိုလည်း စစ်ကောင်စီက စွန့်ခွားထားပစ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မီးရှို့ဖျက်ဆီးလိုက်သည်မှာလည်း ယခုရက်ပိုင်းအတွင်းပင်ဖြစ်ပွားခဲ့သည်။

ထားဝယ်ခရိုင်အနေဖြင့်မူ လတ်‌တ‌လော စစ်ရေးအခြေအနေများအရ စစ်ရိပ်၊ စစ်ငွေ့မှာ မြို့ပြနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာနေသည်ဟု သုံးသပ်ရပေမည်။

ထိုအခြေမျိုးကို စစ်ကောင်စီအနေဖြင့် လက်ခံနိုင်မည်မဟုတ်ဘဲ မြို့ပြကိုကာကွယ်နိုင်ရန် အပြင်းအထန် ကြိုးစားလိမ့်မည်သာဖြစ်သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့ပေါ်တိုက်ပွဲကို ကြည့်ပါက ယင်းအချက်ကို ပေါ်လွင်ထင်ရှားစေသည်။

လောင်းလုံးတိုက်ပွဲတွင် စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်းမှ လက်နက်ကြီးပစ်ကူများသုံးကာ အပြင်းအထန် ပြန်လည်ပစ်ခတ်တုန့်ပြန်ခဲ့ပေသည်။

ထိုအပြင် စခန်းများကိုလည်းခံစစ်အသွင် အခိုင်အမာပြုလုပ်ထားသည်။

တစ်ချိန်တည်းတွင်ပင် မြို့ပေါ်နေပြည်သူများ အေးချမ်းပျော်ရွှင်နေသည်ဟု ပြလိုသည့် စစ်ကောင်စီအနေဖြင့် စတိတ်ရှိုးကဲ့သို့သော ပျော်ပွဲရွှင်ပွဲများကို ဆက်တိုက်ဖန်တီးလာခဲ့သည်။

ဤသည်မှာ တိုက်ဆိုင်မှုမဟုတ် နယ်မြေထိန်းချုပ်နိုင်ရေး နှစ်ဖက်အားပြိုင်နေခြင်းပင် ဖြစ်ပေသည်။