ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1149

ယခုအပတ် ရွှေဈေးမှာ တဖြည်းဖြည်းချင်းတက်နေပြီး ဈေးတန်းအမြင့်တွင် တန့်နေသည်။

ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲအနည်းငယ်သာရှိခဲ့သော်လည်း တက်ရိပ်ပြနေခဲ့သည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးတက်သွားသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးသည် ဆက်တိုက်တက်ရိပ်ပြခဲ့ပြီး တစ်ပတ်တာကာလအတွင်း တစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်း တက်သွားခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနစ်သိန်းရှစ်သောင်း (၃,၇၈၀,၀၀၀) မှ သုံးဆယ့်ရှစ်သိန်း နှစ်သောင်းကျပ် (၃,၈၂၀,၀၀၀) အထိ ဈေးတက်သွားခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြခဲ့သော်လည်း အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး တစ်ဘတ်လျှင် ၉၈ ကျပ်စွန်းစွန်း ပေါက်ဈေးရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၁၅ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးလည်း တောက်လျှောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်တက်သွားခဲ့သည်။
၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၆၅၅ ကျပ်မှ ၂၇၇၅ ကျပ်အထိ ဈေးတက်သွားခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိ ဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

တောက်လျှောက်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင် လက်ရှိနှုန်းထားအတိုင်းပင် ဈေးဖွင့်ထားနိုင်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းမှာ အကျဘက်ကို ဦးတည်နေပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၁၈ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၀၃၀ ဒေါ်လာပေါက်ဈေးရှိပြီး ယခုအပတ်တွင် ကျရိပ်ပြလာခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးကျသော်လည်း ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ ငြိမ်နေနိုင်ပြီး အပြောင်းအလဲ ကြီးကြီးမားမားမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းကလည်း တက်ရိပ်ပြနေပြီး တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မည့်အရေးမှာ အစိုးမရသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။