တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1058

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ

NCA ထိုးထားတဲ့ ပအိုဝ်းတပ် စစ်ကောင်စီကို ပြန်တိုက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်မီးတွေဟာ ရှမ်းပြည်တောင်ပိုင်းအထိ ကူးစက်လာတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ကြပေမယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA/PNLO) ဟာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးရေးလမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ အာမခံချက်ရှိတဲ့ နိုင်ငံရေးရဒ်တစ်စုံတစ်ရာ မရဘူးလို့ PNLO က ဆိုပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ ဟိုပုံးမြို့နယ် စံဖူး (လုံးဟီး) ကျေးရွာမှာ ပအိုဝ်းတပ်ယာဉ်တန်းကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO ပိတ်ဆို့ ဟန့်တားရာကနေ တိုက်ပွဲစတင်ဖြစ်ပွားတယ်လို့ PNLO က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ ညှိနှိုင်းပေမယ့် မပြေလည်တဲ့အပြင် PNLO ဗဟိုဌာနချုပ်ရှိရာအနီးက နော်ထော်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဆီဆိုင်မြို့မှာပါ တိုက်ပွဲတွေဖြစ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ညီနောင်မဟာမိတ်တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်သွားတော့မည်လို့ ကြေညာထားပါတယ်။

ဆီဆိုင်နဲ့ အနီးဝန်းရွာတွေကို လေယာဉ်နဲ့ ရက်ဆက်ဗုံးကြဲနေတာကြောင့် ဒေသခံတွ ထွက်ပြေးနေရပါတယ်။

……………………………………

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ် ၅၄ ကို လေလံတင်ဖို့ စစ်ကောင်စီတရားရုံးအမိန့်ချ

ပုံစာ – ၂၀၁၆ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်တဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခြံအမှတ် ၅၄ နေအိမ်တွင် တွေ့ရခဲ့ပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက ခြံအမှတ် ၅၄ နေအိမ်ကို လေလံတင်ရောင်းချဖို့ စစ်ကောင်စီရဲ့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

ကြမ်းခင်းစျေး ကျပ် ၃၁၅ ဘီလီယံသတ်မှတ်ပြီး လာမယ့် မတ်လ ၂၀ ရက်နေ့မှာ နေအိမ်ရှေ့မှာပဲ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက်နေ့က အမိန့်ချလိုက်တာပါ။

ခြံအမှတ် ၅၄ ဟာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲမှာ သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အထင်ကရ ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်ဖူးတဲ့နေရာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ခေါင်းချခဲ့တဲ့ နေရာဖြစ်သလို သမီးဖြစ်သူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ၁၅နှစ်နီးပါး နေထိုင်ခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒေါ်ခင်ကြည် အမည်ပေါက်တဲ့ ၁ဒသမ၉၂၃ဧကရှိတဲ့ အဲဒီခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ဦး တစ်ယောက်ထက်ဝက် စီ ခွဲယူဖို့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ခဲ့တာပါ။ ဦးအောင်ဆန်းဦး တောင်းဆိုချက်အတိုင်းပဲ စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့မှာ အမိန့်ချမှတ် အနိုင်ပေးခဲ့ပါတယ်။

အဲဒီနေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာခဲ့ပြီး ရောင်းချဖို့၊ ပိုင်ဆိုင်ဖို့ ကြိုးပမ်းရင် အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ငွေကြေး ဘီလီယံချီကုန်မယ့်အပြင် ပြည်သူအမျက်ရှမယ့်ကိစ္စဖြစ်တာကြောင့် လေလံပွဲ အောင် မအောင် စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

……………………………………

မြန်မာ့ပညာရေး အခြေအနေဆိုး

စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က တိုက်ခိုက်တာ၊ နိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်လာတာကြောင့် မြန်မာ့ ပညာရေးရပ်ဝန်းကို ဆိုဝါးတဲ့အခြေအနေဖြစ်အောင် ဖန်တီးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဆိုပါတယ်။

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်တွေ အသက်ဆုံးရှုံးရသလို စာသင်ကျောင်းဆောင်တွေလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

မြန်မာ့လူမှုအဖွဲ့အစည်းအားလုံးအတွက် ပိုမိုလုံခြုံတဲ့ ပညာရေးရရှိနိုင်ဖို့နဲ့ ကလေးငယ်တွေ၊ လူငယ်တွေအတွက် ဆက်လက်ကူညီထောက်ပံ့မယ်လို့လည်း ဗြိတိသျှအစိုးရက ဆိုပါတယ်။

……………………………………

စစ်ကောင်စီလက်အောက်ကနေ ကရင် BGF ခွဲထွက်

ပုံစာ – ကရင် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ

စစ်ကောင်စီကပေးတဲ့ လစာနဲ့ ရိက္ခာတွေကို မယူတော့ဘဲ သီးခြားရပ်တည်တော့မယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ဘက်က ပြောပါတယ်။

စစ်တပ်လက်အောက်မှာ ၁၃နှစ်ကြာရပ်တည်လာပြီးနောက်မှာ ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုတော့ဘူးဆိုပြီး အခုလို ခွဲထွက်လိုက်တာပါ။ စစ်တပ်က​ပေးအပ်တဲ့ တာဝန်တွေကို မထမ်းဆောင်လိုတော့တာကြောင့် လစာနဲ့ ရိက္ခာတွေကို မယူတော့ဘူးလို့ BGF ဘက်က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း စစ်မျက်နှာတွေ ဖွင့်ထားရတဲ့ စစ်ကောင်စီကတော့ စစ်အင်အားတွေ အရေးတကြီးလိုနေတာပါ။ ဒီလို အချိန်မှာ အင်အား လေးထောင်ထက်မနည်းရှိတဲ့ ကရင် BGF ခွဲထွက်မယ်ဆိုတာကြောင့် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဘားအံမြို့သို့ သွားရောက်ပြီး တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် မပြေလည်ခဲ့ပါဘူး။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အရင်လိုဆက်နေဖို့ ညှိနှိုင်းခဲ့သလို BGF ဘက်က ပြောဆိုချက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တင်ပြမယ်ဆိုပြီး ပြောခဲ့တယ်လို့ ကရင် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက မီဒီယာ တချို့မှာ ပြောဆိုထားပါတယ်။ စစ်ကောင်စီက ခွင့်မပြုရင်လည်း သီးခြားရပ်တည်တော့မယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဘက်က လက်မခံဘဲ စစ်ရေးအရတုံ့ပြန်လာရင် ပြန်တုံ့ပြန်မယ်လို့လည်းဆိုပါတယ်။ ခွဲထွက်ပြီးနောက် ကရင် လက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းဖို့ ရှိမရှိ ယတိပြတ်ပြောဆိုတာမျိုး မရှိသေးပါဘူး။ အခုနုတ်ထွက်တာဟာ ထိုင်း-မြန်မာ နယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှစ်နိုင်ငံပူးပေါင်းနှိမ်နှင်းဖို့ စစ်ကောင်စီနဲ့ ထိုင်းအစိုးရ သဘောတူထားတဲ့ ကိစ္စတွေနဲ့လည်း ပတ်သက်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………

ရခိုင်မှာ စတင်မြို့သိမ်း၊ မြို့နယ်ငါးခုမှာ တိုက်ပွဲပြင်းထန်

ပုံစာ – ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကျောက်တော်မြို့နယ် အမှတ် ၃၇၇ အမြောက်တပ်ရင်းနဲ့ ခမရ ၅၃၉ တပ်ရင်းတွေကို AA က သိမ်းယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပထဆုံးမြို့သိမ်းယူမှုအဖြစ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီး နောက်ထပ် မြို့နယ်ငါးခုမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်တွေမြို့အနီးက ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ AA က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပေါက်တောမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့လာရောက်ပစ်ခတ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စစ်သင်္ဘောနဲ့ခေါ်သွားပြီးနောက်မှာ AA က မြို့ကိုသိမ်းယူနိုင်ခဲ့တာလို့ သတင်းတချို့မှာ ဖော်ပြခဲ့ကြပါတယ်။

ပေါက်တောကို ဒုတိယအကြိမ်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပေါက်တောမြို့က ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကိုထိန်းချုပ်ပြီး AA က မြို့ကို သိမ်းယူခဲ့ပေမယ့် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက်နှစ်လကျော်ကြာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက်မှာ AA က ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း AA က ဆိုပါတယ်။

……………………………………

မဘိမ်းမြို့ကို KIA သိမ်းယူ၊ ကချင်နဲ့ ရှမ်းမြောက်က မြို့နယ်တချို့မှာလည်း စခန်းတွေသိမ်းယူ

ပုံစာ – ပအိုဝ်းတပ် တပ်ဖွဲ့ဝင်များ။

ရှမ်းမြောက်က မဘိမ်းမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်သလို ကချင်နဲ့ ရှမ်းမြောက်က မြို့နယ်တချို့မှာ လည်း စခန်းတွေ သိမ်းယူတာတွေ ရှိနေပါတယ်။

ရှမ်းမြောက် မိုးမိတ်ခရိုင်က မဘိမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေကို ကချင်တပ် KIA ၊ PDF နဲ့ ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ မဘိမ်းမြို့ဟာ ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းတို့နဲ့ ထိစပ်နေ​ပြီး မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာ တည်ရှိပါတယ်။

အဲဒီနေ့မှာပဲ ကချင်ပြည်နယ် မံစီမြို့နယ်ထဲမှာရှိပြီး တရုတ်-မြန်မာနယ်စပ်က မန့်ဝိန်းကြီးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းတွေကို KIAနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းယူခဲ့ပါတယ်။ အဲဒီစခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချကြသလို တရုတ်ထဲသို့ ထွက်ပြေးတာလည်းရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဝှေခါရွာက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကိုလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ ၂၀ ရက် နေ့မှာ သိမ်းယူခဲ့သလို ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာက စစ်ကောင်စီတပ်ရင်းကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့ မှာ သိမ်းယူခဲ့ပါတယ်။ မိုးမိတ်မြို့မှာလည်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို သိမ်းယူတာတွေ ရှိနေပါတယ်။

……………………………………

လောက်ကိုင်မှာ လက်နက်ချတဲ့ တပ်မှူးတွေ သေဒဏ်ချခံရတယ်လို့ သတင်းထွက်

ပုံစာ – ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်။

လောက်ကိုင် ဒေသကွက်ကဲမှုစစ်ဌာနချုပ်မှာ လက်နက်ချခဲ့တဲ့ တပ်မှူးတွေထဲက သုံးဦးကို သေဒဏ်ချတယ်လို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြကြပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ရဲ့ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်မိုးလွင်နဲ့ အမှတ် (၁၆) ခြေလျင်တပ်မဟာမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့ကို စစ်ခုံရုံးက သေဒဏ်အမိန့်ချတာလို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ နောက်သုံးဦးကိုတော့ မစီရင်သေး ဘူးလို့ ဆိုပါတယ်။

ပြစ်ဒဏ်ချခံရတဲ့ တပ်မှူးတွေကိုတော့ အင်းစိန်ထောင်ပို့လိုတယ်လို့ ဖော်ပြပြီး အခုပြစ်ဒဏ်စီရင်တာကို စစ်ကောင်စီဘက်က ငြင်းဆိုထားတာလို့လည်း ဖော်ပြပါတယ်။

လောက်ကိုင်မြို့က ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော်ဟာ ဇန်နဝါရီလ ၅ ရက်နေ့မှာ လက်နက်ချပြီး လောက်ကိုင်ဒေသကနေ ထွက်ခွာသွားကြတာဖြစ်ပါတယ်။

……………………………………

အိန္ဒိယဘက် ထွက်ပြေးတဲ့ စစ်သားတွေကို သွားခေါ်တဲ့ စစ်ကောင်စီလေယာဉ်ပြေးလမ်းချော်

တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်သယ်ဆောင်တဲ့ စစ်ကောင်စီတပ် လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး လေယာဉ်မှာ လိုက်ပါလာသူ ရှစ်ဦးဒဏ်ရာရပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို စစ်ကောင်စီ တပ်သား ၂၇၀ ကျော် ထွက်ပြေးခဲ့ပါတယ်။

၁၈၀ကျော်ကို လာရောက်ခေါ်ဆောင်ထားပြီးဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ ၉၀ ကျော်ကို ဇန်နဝါရီလ ၂၃ရက်နေ့မှာ နောက်ဆုံးအသုတ်အဖြစ် လာရောက်ခေါ်ဆောင်ရာမှာ အခုလို လေယာဉ်ပြေးလမ်းချော်တာပါ။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၄ဦးထဲက လေယာဉ်မှူးအပါအဝင် ရှစ်ဦး ဒဏ်ရာရလို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

အိန္ဒိယကနေ ပြန်ခေါ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရခိုင်စစ်မျက်နှာသို့ပြန်ပို့နေတယ်လို့ AA က ဆိုပါတယ်။

……………………………………