တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
984

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ

ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဇန်နဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက်ဆောက်လုပ်တဲ့ ဘုရားကျောင်းပါ။

လာမယ့်ရွေးကောက်ပွဲမှာ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ယခင်က ၁၆ ရာစုခေတ် ဗလီကို ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူတွေက ဖြိုချခဲ့ရာကနေ ဘာသာရေးရုဏ်းတွေ ဖြစ်လာပြီး မွတ်ဆလင်အများစု အပါအဝင် လူ ၂၀၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

Ref: France 24

………………………………..

ကွန်ဂိုတွင် နှစ် ၆၀ အတွင်း အဆိုးဝါးဆုံး ရေဘေးကြောင့် အခက်ကြုံ

ကွန်ဂိုသမ္မတနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးခဲ့လို့ လူပေါင်း ၃ သိန်းခွဲကျော် လူသားချင်းစာနာမှုအကူညီတွေ လိုအပ်နေပါတယ်။

ကျေးရွာတွေ ကျောင်းတွေက ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေလည်း ရေလွှမ်းတဲ့ ဒဏ်ကြောင့် မလည်ပတ်နိုင်တော့တာပါ။

ဒေသခံတွေလည်း ခိုလှုံစရာနေရာ မရှိတဲ့အပြင် အခြေခံကျန်းမာရေးဆိုင်ရာ ကုသမှုတွေလည်း မရပဲ ဖြစ်နေကြပါတယ်။

ဒေသခံ အများအပြားဟာ အခုချိန်အထိ လှေတွေနဲ့ သွားလာနေရတာပါ။

သူတို့အတွက် အရေးပေါ် အကူအညီအနေနဲ့ ကုလသမဂ္ဂက ဒေါ်လာ ၃ ဒသမ ၆ သန်း ချထားပေးခဲ့ပေမယ့် လူပေါင်း ၃ သိန်းခွဲကျော် ဒုက္ခရောက်နေလို့ နောက်ထပ် လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Ref: UN

………………………………..

အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် အနည်းဆုံး ၉၀ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု နေရာတော်တော်များများမှာ အေးခဲတဲ့နှင်းမုန်တိုင်းဒဏ်ခံနေရပြီး ဆိုးဝါးတဲ့ရာသီဥတုကြောင့် သေဆုံးသူ ၉၀ ဦး ထက်မနည်း ရှိလာခဲ့ပါတယ်။

ရေခဲမှတ်အောက်အေးတဲ့ ရာသီဥတုမှာ နှင်းမုန်တိုင်းနဲ့ ရေခဲနေတဲ့လမ်းတွေကြောင့် လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုတွေဖြစ်ပွားခဲ့တာပါ။

ဓါတ်အားလိုင်းတွေလည်း ပြတ်တောက်ပြီး နေအိမ် ထောင်နဲ့ချီ လျှပ်စစ်မီးပြတ်တောက် ခဲ့ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်အပါအဝင် အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်တော်တော်များများမှာ ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။

အလယ်ပိုင်းဒေသပြည်နယ်တွေမှာ အနှုတ် ၃၀ ဒီဂရီဖာရင်ဟိုက်အထိ အေးနိုင်ပြီး အနောက်မြောက်ပိုင်းက မွန်တာနား၊ တောင်နဲ့ မြောက် ဒါကိုတာ ပြည်နယ်တွေမှာတော့ အနှုတ် ၅၀ ဒီဂရီဖာရင်ဟိုက်အထိ အေးခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: BBC

………………………………..

တရုတ်တွင် မြေပြိုမှုကြောင့် အနည်းဆုံး ၄၄ ဦးသေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်ရာ ယူနန်ပြည်နယ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့က မြေပြိုမှုကြောင့် သေဆုံးသူ ၄၄ ဦးရှိအထိ ရှိလာခဲ့ပါတယ်။

အေးခဲနေတဲ့ ရာသီဥတုနဲ့ နှင်းတွေကျနေချိန် ယူနန်ပြည်နယ် မြောက်ဘက်စွန်း Liangshui ရွာမှာ မနက် ၆ နာရီလောက်က မြေပြိုမှု ဖြစ်ခဲ့တာပါ။

လူ ၂၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ ဆိုပါတယ်။

မြေပြိုမှု ဖြစ်ပွားချိန်က ဒေသခံတွေ အိပ်နေကြတဲ့ အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဇင်နဲ့ချီ မီးသတ်ကားတွေ ပစ္စည်းကရိယာတွေနဲ့အတူ ကယ်ဆယ်ရေးဝန်ထမ်း ၁၀၀၀ ခန့် စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ခဲ့တယ်လို့ အစိုးရက ဆိုထားပါတယ်။

Ref: fox news

………………………………..

ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီလွှတ်တော်အတည်ပြု

ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ရေးလျှောက်ထားချက်ကို တူရကီလွှတ်တော်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ဆွီဒင်ဝန်ကြီးချုပ်က နောက်တဆင့် တက်လှမ်းဖို့ ကြိုဆိုလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။

ဆွီဒင်ရဲ့လျှောက်ထားချက်ကို တူရကီနဲ့ဟန်ဂေရီနိုင်ငံတို့က သဘောတူညီချက် မပေးသေးတာကြောင့် တစ်နှစ်လောက် ကြန့်ကြာနေခဲ့တာပါ။

အခုအချိန်မှာတော့ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် သဘောတူညီချက်ပေးဖို့ ဟန်ဂေရီနိုင်ငံပဲ ကျန်ပါတော့တယ်။

ဟန်ဂေရီနိုင်ငံရဲ့ ဒီမိုကရေစီအပေါ် ဆွီဒင်ကဝေဖန်ခဲ့တာကို အကြောင်းပြပြီး ဟန်ဂေရီ က သဘောတူညီချက် မပေးသေးတာလည်း ဖြစ်ပါတယ်။

Ref: EURO News

………………………………..

ယူကရိန်း ၆၅ ဦးတင်လာသော ရုရှားလေယာဉ်ပျက်ကျ

ယူကရိန်းနယ်စပ်အနီး Belgorod ဒေသမှာ ရုရှားရဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဇန်နဝါရီလ ၂၄ ရက်နေ့က ပျက်ကျခဲ့ပါတယ်။

ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးခဲ့တာပါ။

ဒီလေယာဉ်ပေါ်မှာ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ရမယ့် ယူကရိန်း ၆၅ ဦးအပါအဝင် လူပေါင်း ၇၄ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းတာဝန်ရှိသူတွေက သူတို့ရဲ့စစ်သားတွေကို သူတို့ကိုယ်တိုင် ပစ်ချလိုက်တာလို့ ရုရှားဘက်က စွပ်စွဲခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးခဲ့ပါဘူး။

Ref: CNN

………………………………..

အမေရိကန်က ယီမင်နဲ့ အီရတ်က လက်နက်ကိုင်အုပ်စုများကို ထပ်မံတိုက်ခိုက်

အီရတ်နဲ့ ယီမင်နိုင်ငံတွေမှာ အီရန်နိုင်ငံက အားပေးထောက်ခံနေတဲ့ လက်နက်ကိုင်အုပ်စုတွေကို အမေရိကန်က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ၂ နာရီလောက်ကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း မစ်ဇိုင်းဒုံးတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့တာပါ။

အီရတ်နိုင်ငံက စစ်သွေးကြွအုပ်စုရဲ့ ဌာနချုပ်နဲ့ နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းကို တိုက်ခိုက်မယ့် မစ်ဇိုင်းဒုံးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ပဋိပက္ခတွေ ကြီးထွားလာမှာကို မလိုလားပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် လိုအပ်သလို တုံ့ပြန်ဖို့ အသင့်ပြင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဆိုခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဂါဇာရှိ ကုလလေ့ကျင့်ရေးစင်တာ ပစ်ခတ်ခံရ

ဂါဇာကမ်းတောင်ပိုင်းက ခန်းယူနစ် (Khan Younis) မှာ ပါလက်စတိုင်း ဒုက္ခသည် ၈၀၀ လောက်နေထိုင်နေတဲ့ ကုလသမဂ္ဂ လေ့ကျင့်ရေးစင်တာသည် ဇန်နဝါရီ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့တာပါ။

ခန်းယူနစ်မြို့ကို အစ္စရေးဘက်က တိုက်ခိုက်မှုတွေတိုးလာနေလို့ ထောင်နဲ့ချီတဲ့ မြို့ခံ ပါလက်စတိုင်းတွေ မြို့ကို စွန့်ခွာထွက်ပြေးနေခဲ့ကြရပါသေးတယ်။

အများစုက အီဂျစ်နယ်စပ်အနီး ရာဖဲ (Rafah) မြို့ကို ထွက်ပြေးကြတာပါ။

အစ္စရေးဟာ နာဆာဆေးရုံနဲ့ တခြားဆေးရုံငယ်နှစ်ခုအပါအဝင် ခန်းယူနစ်မြို့လယ် ရပ်ကွက်တွေကနေ လူတွေ ထွက်ခွာသွားကြဖို့ အမိန့်ထုတ်ထားပါတယ်။

Ref: BBC

………………………………..

ပွဲချိန်နောက်ကျလို့ အဆိုတော်မက်ဒေါနား တရားစွဲခံရ

ကမ္ဘာကျော် ပေါ့အဆိုတော် မက်ဒေါနားက ပွဲချိန်နောက်ကျလို့ တရားစွဲခံလိုက်ရပါတယ်။

မက်ဒေါနားက အမေရိကန်ပြည်ထောင်စုမှာ မြို့ကြီးတွေကို ဖျော်ဖြေရေးခရီးစဉ်နဲ့ လိုက်ဖျော်ဖြေနေတာပါ။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ဘာကလေစ်စင်တာမှာ ကျင်းပတဲ့ စတိတ်ရှိုးကို ကြေညာထားတဲ့ အချိန်မစပဲ ပွဲထွက်နောက်ကျလို့ ဆိုပြီး တရားစွဲခံရတာဖြစ်ပါတယ်။

သူတို့ အိမ်ပြန်တော့ ဒုက္ခရောက်ရတယ် ကားငှားရတာ အဆင်မပြေတဲ့အပြင် အပြန်မိုးချုပ်လို့ ကားခဈေးပိုတက်သွားတယ်ဆိုပြီး တရားစွဲခဲ့တာပါ။

ဒါကြောင့် နယူးယောက်က ဘရွတ်ကလင်း ပြည်ထောင်စုတရားရုံးမှာ တရားစွဲလိုက်တာဖြစ်ပါတယ်။

မက်ဒေါနား စတိတ်ရှိုး လက်မှတ်မှာက ည ၈ နာရီခွဲ ပွဲစမယ်လို့ ရေးထားပေမဲ့ တကယ်တမ်း ည ၁၀ နာရီ ၄၅ မှ ပွဲစဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

ဆော်ဒီတွင် နှစ် ၇၀ ကျော်အတွင်း ပထမဆုံး အရက်ဆိုင်ဖွင့်မည်

ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် အတွင်း အရက်ဆိုင်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

အရက်ဆိုင်ဖွင့်ခွင့်ပေးလိုက်တဲ့အတွက် ရှေးရိုစွဲဆန်တဲ့ ဘုရင်နိုင်ငံရဲ့ တင်းကြပ်မှုကို ဖြေလျော့လာတာပါ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာတွေရှိရာ ဆော်ဒီနိုင်ငံကို လူမှုရေးအရ တင်းကြပ်ထားတာတွေကို လျှော့ပေါ့ပြီး ပိုပြီးတော့ လွတ်လပ်ခွင့်ပေးလာတာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံကို ရေနံအပေါ် မှီခိုနေရတဲ့ နိုင်ငံကနေ ဖြည်းဖြည်းချင်း စွန့်ခွာလာပြီး ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာအဖြစ် ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အရက်ဆိုင်ကိုတော့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက်ပဲ ကန့်သတ်ထားတာပါ။

အရက်ဆိုင်က ရီယာ့ဒ်မြို့က သံတမန်ရပ်ကွက်က စူပါမားကတ်ဆိုင်ကြီးဘေးမှာဖွင့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: REUTERS

……………………………….